CNI International News
တိုကျို၊ ဇန်နဝါရီ ၂၀
အမေရိကန်ရေတပ်သင်္ဘောများကို ဂျပန်၏ သင်္ဘောကျင်းများတွင် ဆိုက်ကပ်ထားရန်နှင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန်အတွက် နှစ်နိုင်ငံအကြား သဘောတူညီမှုတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်ဟု ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရာဟမ် အီမန်နျူယယ် (Rahm Emanuel) က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုသဘောတူညီချက်ကြောင့် အနာဂါတ်တွင် ဖြစ်လာနိုင်ခြေရှိသည့် ပဋိပက္ခများအတွက် အာရှ၏ ရေပြင်များတွင် အမေရိကန်စစ်သင်္ဘောများ အလွယ်တကူ မောင်းနှင်နိုင်မည်ဖြစ်သည်။
"တရုတ်ကတော့ ဘယ်သင်္ဘောတွေ ဝင်မလဲ၊ ထွက်မလဲဆိုတာကို ကြည့်နေမှာပါ။ ဒါက လျှို့ဝှက်စရာ မဟုတ်ပါ ဘူး။ ဘာတွေ ဖြစ်နေလဲဆိုတာ သူတို့သိနေတာပဲလေ။ အဲဒါကြောင့် သူတို့ဟာ သင့်ရဲ့ အခြိမ်းအခြောက် အဟန့် အတားတွေကို တန်ဖိုးဖြတ် ချင့်တွက်ကြမှာ ဖြစ်ပါတယ်"ဟု အီမန်နျူယယ်က တိုကျိုမြို့တော်အနီးရှိ Yokosuka ရေတပ်စခန်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဆယ်စုနှစ်များစွာကြာ အာရှ၏ ရေပြင်များတွင် စိန်ခေါ်မှုများနှင့် မကြုံတွေ့ခဲ့ရသည့် အမေရိကန်ရေတပ်သည် မကြာသေးမီ နှစ်များအတွင်းက တရုတ်ရေတပ်၏ အင်အားကြီးထွားလာသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။
တရုတ်ရေတပ်သည် သင်္ဘောကျင်းများတွင် စစ်သင်္ဘောများ တည်ဆောက်နေသဖြင့် စစ်သင်္ဘောများ ထုတ်လုပ်မှု နှုန်း၌ တရုတ်က အမေရိကန်ကို ကျော်တက်သွားခဲ့သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
တရုတ်သည် စစ်သင်္ဘော ၃၄၀ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်အတွင်း စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ စုစုပေါင်း ၃၇၀ ကျော်အထိ ရှိလာခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သဖြင့် တရုတ်သည် စစ်သင်္ဘော အရေအတွက်အရ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရေတပ်ကို ပိုင်ဆိုင်လာခဲ့သည်။
ထို့ကြောင့် အမေရိကန်သည် ၎င်း၏ စစ်သင်္ဘောအုပ်စုကို ချဲ့ထွင်ရန်အတွက် ဂျပန်၏ သင်္ဘောကျင်းများတွင် စစ်သင်္ဘောများ ဆိုက်ကပ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်မှုတို့အတွက် သဘောတူညီမှုရရှိရန် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း အီမန်နျူယယ်က ပြောကြားခဲ့သည်။
ထိုသဘောတူညီချက်အတွက် ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ရန် အမေရိကန်နှင့် ဂျပန်အကြား အကြံပေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းထူထောင်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ဂျပန်သည် အမေရိကန်၏ ပြည်ပ စစ်အင်အား တည်ရှိမှု အများဆုံးနိုင်ငံဖြစ်ပြီး ဂျပန်၏ Yokosuka ရေတပ်စခန်းတွင် အမေရိကန် စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘော ၇၀ ကျော်ကို စီမံခန့်ခွဲနိုင် သည့်် အမေရိကန်၏ အမှတ် ၇ ရေတပ်စစ်သင်္ဘောအုပ်စုကို လက်ခံထားရှိခဲ့သည်။
Source: ရိုက်တာ