CNI International News
ပြုံယမ်း၊ ဇန်နဝါရီ ၂၀
မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့၏ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်သည့်အနေဖြင့် နျူကလီးယားလက်နက် တပ်ဆင်နိုင်သည့် ရေအောက် တိုက်ခိုက်ရေး မောင်းသူမဲ့ ရေယာဉ်တစ်စင်းကို စမ်းသပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် မြောက်ကိုရီးယား၏ လုံခြုံရေးကို ပြင်းထန်စွာ ခြိမ်းခြောက်နေပြီး ဒေသတွင်း အခြေအနေကို တည်ငြိမ်မှု ပျက်ယွင်းစေသဖြင့် မြောက်ကိုရီးယားအစိုးရက အရှေ့ဘက်ကမ်းလွန် ရေပြင်များတွင် Haeil-5-23 လက်နက်စနစ်ကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မိမိတို့စစ်တပ်၏ ရေအောက် နျူကလီယားအခြေပြု တန်ပြန်လုပ်ဆောင်နိုင်မှုသည် ရေပေါ်၊ ရေအောက် တုန့် ပြန်နိုင်မှု စွမ်းဆောင်ရည်များကို ဆက်လက် မြင့်တက်စေပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ် ရေတပ်များ၏ ရန်လိုသည့် စစ်ရေးလှုပ်ရှားမှုများကို ဟန့်တားရန်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်ကလည်း ရေအောက်တိုက်ခိုက်ရေး မောင်းသူမဲ့ ရေယာဉ်များကို နှစ်ကြိမ် စမ်းသပ်ခဲ့ကြောင်း ကြေညာခဲ့ပြီး ထိုရေယာဉ်များသည် ရေအောက်တွင် ပေါက်ကွဲခြင်းဖြင့် ရေဒီယိုဓာတ်သတ္တိကြွ ဆူနာမီလှိုင်းများ ဖြစ်ပွားစေကာ ရန်သူများကို ဖျက်ဆီးနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ထိုလက်နက်၏ အသုံးဝင်ပုံကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘဲ တောင်ကိုရီးယားအရာရှိများကမူ မြောက်ကိုရီးယားသည် ထိုလက်နက်၏ စွမ်းဆောင်ရည်များကို ပုံကြီးချဲ့ ဖော်ပြခြင်းဖြစ်သည်ဟု ပြောကြားခဲ့ သည်။
ယခုသီတင်းပတ် အစောပိုင်းက အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson အပါအဝင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ စစ်သင်္ဘော ၉ စင်းပါဝင်သည့် ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်မှုများကို တောင်ကိုရီးယား၏ တောင်ဘက် ကမ်းလွန်ရေပြင်များတွင် ပြုလုပ်ခဲ့သည်။
ဇန်နဝါရီ ၁၄ ရက်က မြောက်ကိုရီးယား၏ လောင်စာတောင့်သုံး ဟိုက်ပါဆိုးနစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို တုန့်ပြန်သည့်အနေဖြင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့က ကြေညာခဲ့သည်။
မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် စမ်းသပ်ခဲ့သည့် ရေအောက် တိုက်ခိုက်ရေး မောင်းသူမဲ့ ရေယာဉ်သည် အလွန် ခေတ်မီဆန်းပြားသည့် လက်နက်စနစ် တစ်ခုဖြစ်ကြောင်း ဆိုးလ်မြို့တော်ရှိ ဟန်ကွတ် တက္ကသိုလ် (Hankuk University) မှ နိုင်ငံခြားဘာသာ လေ့လာရေး ပါမောက္ခ မာဆန် ရစ်ချေ (Mason Richey) က ပြောကြားခဲ့သည်။
ထိုလက်နက်သည် တစ်နာရီလျှင် ရေမိုင် ၈ မိုင်ခန့် သွားရောက်နိုင်ခြေရှိပြီး ရေငုပ်သင်္ဘောများကို တိုက်ခိုက်သည့် စစ်ဆင်ရေးအတွက် ဖြစ်နိုင်သည်ဟုလည်း ရစ်ချေက ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား