CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉

ဆိုရှယ်လူမှုကွန်ရက်(အင်တာနက်)ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောကြားခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်မည့် ကော်မတီ ကို နစက-က ဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါ ကော်မတီသည် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှု မရှိသည့် မဖွယ်မရာပုံများ၊ ဗွီဒီယိုများနှင့် လိင်အသားပေးကိစ္စရပ်များတင်ခြင်း၊ နိုင်ငံရေးအရ တိုက် ခိုက် ပြောဆိုခြင်းများကို ဥပဒေကြောင်းအရ တားမြစ်နိုင်ရေး၊ ဖော်ထုတ်အရေးယူနိုင်ရေး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

ထိုကော်မတီတွင် ပြည်ထဲရေးဒုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဒုဝန်ကြီး က ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂)က အတွင်းရေးမှူးအဖြစ် လည်း ကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းရဲတပ်ဖွဲ့မှူးက တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် လည်းကောင်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် လည်းကောင်း အသီးသီး တာဝန်ယူထားကြသည်။

အင်တာနက်အသုံးပြုမှု စောင့်ကြည့်နေစဉ်

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး ကိုယ်စားလှယ်တစ်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန် ကြားရေးမှူးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး ဌာနကြီးမှူးတို့က အဖွဲ့ဝင်များအဖြစ် တာဝန်ယူထားကြ ကြောင်း သိရသည်။

အဆိုပါ ကော်မတီသည် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ တင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့် ကိုက်ညီမှု မရှိသည့် မဖွယ်မရားပုံများ၊ ဗွီဒီယိုများနှင့် လိင်အသားပေးကိစ္စရပ်များတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်း စသည့် ဆောင်ရွက်မှုဖြစ်စဉ်များကို နည်းပညာကျွမ်းကျင်သည့် ပညာရှင်များ ပါဝင်သော အဖွဲ့ ဖွဲ့စည်းပြီး ၂၄ နာရီစောင့်ကြည့်မည် ဖြစ်သည်။

ထို့နောက် အထက်ပါ ကိစ္စရပ်များကို ပို့စ်တင်ခြင်း၊ ထုတ်လွှင့်ခြင်း၊ မျှဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်းများ ဆောင်ရွက်နေမှုအပေါ် နည်းပညာအရ ရှာဖွေဖော်ထုတ်ပြီး တားမြစ်မည်ဖြစ်သလို ကျူးလွန်သူများအား တည် ဆဲ ဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု ကော်မတီဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။