CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ အပစ်ရပ်ပြီးနောက် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စစ်ရေး ပြင်းထန်လာနိုင်ကြောင်း စစ်ရေး/နိုင်ငံရေး အကဲခတ်များက သုံးသပ် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးမှာ ၂ လကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်ကြာ ဆွေးနွေးပြီးနောက် ယာယီအပစ်ရပ်စဲရန် သဘောတူခဲ့ကြ သည်။

ညီနောင်မဟာမိတ်တို့ ဆင်နွှဲခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း သွားရောက်ပူးပေါင်းခဲ့သော ပြည်မမှ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များမှာ ပြန်ဆင်းလာမှာ ဖြစ်ကြောင်း၊ နစက ကျင်းပမည့် ရွေးကောက်ပွဲအတွက်လည်း စိုးရိမ်စရာရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

BNRA တပ်ဖွဲ့ကိုတွေ့ရစဉ်

၎င်းက “အပစ်ရပ်တော့ ဟိုမှာ သွားပေါင်းတဲ့ PDF က ပြန်ဆင်းလာမှာကို၊ ပြန်ဆင်းလာရင် သူကလည်း PDF ထုံးစံ အတိုင်း ထကြွသောင်းကျန်းမယ့် အစီအစဉ်လည်း လုပ်ကြဦးမှာကိုးဗျ၊ ရှင်းရှင်းပြောရရင်တော့ အချုပ်ပြောရရင် တော့ အရပ်သားအစိုးရ ပေါ်ပေါက်ရေးကိုလည်း PDF က မကြိုက်ဘူးဗျ၊ သူတို့ နောက်ကျောက NUG၊ CRPH ကလည်း သူ့တို့ရဲ့ ရပ်တည်ရေးအတွက်ကလည်း ရွေးကောက်ပွဲ မဖြစ်မှ ဖြစ်မယ်ဆိုတော့ ရွေးကောက်ပွဲ မဖြစ်ဖို့ လည်း သူတို့က အတင်းတွန်းမှာပဲ၊ ဆိုတော့ ရွေးကောက်ပွဲအတွက်ကလည်း စိုးရိမ်စရာ ဖြစ်လာတာပေါ့ဗျာ၊ သူတို့ ပြန်ဆင်းလာတာကတော့ အခုလောလောဆယ်က ရှမ်းမြောက်မှာ တိုက်ပွဲဖြစ်ပြီးသွားပြီ စစ်ကိုင်းနဲ့ မကွေးက တိုက်ပွဲ တော်တော်ငြိမ်သွားတယ်ဆိုတာ အဲဒီက အင်အားတွေက အပေါ်တက်သွားတာကိုး၊ အခု အောက်ပြန်ဆင်း လာမယ်ဆိုရင်တော့ အရင်လိုပဲ တိုက်ပွဲ ပြန်ဖြစ်နေရင်လည်း မကောင်းဘူးပေါ့ဗျာ၊ အဲဒီလိုတော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်(MDY-PDF)၊ ပြည်သူ့လွတ်တော်မြောက်ရေးတပ်မတော်(PLA)တို့လည်း ပါဝင်ခဲ့သည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကို တွေ့ရစဉ်

ရှမ်းမြောက်ရှိ မြို့နယ်အများစုကို ညီနောင်မဟာမိတ်က သိမ်းယူထားနိုင်ကြောင်း၊ ၎င်းတို့၏ စစ်ရေး ရည်မှန်းချက် မှာ အောင်မြင်ပြီဟု ယေဘုယျပြောနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “ရှမ်းမြောက်မှာ လားရှိုးကလွဲလို့ရှိရင် ကျန်တဲ့ဒေသအားလုံးဟာ ညီနောင်သုံးဖွဲ့က သူတို့ရဲ့ စစ်ရေးရည်မှန်း ချက်တွေ ပေါက်ရောက်အောင်မြင်ပြီး ဖြစ်ပြီလို့ ယေဘုယျပြောလို့ရပါတယ်။ အခုကျန်နေတာ လားရှိုးတစ်ခုတည်း ဖြစ်ပါတယ်။ လားရှိုးကိုလည်း ကိုးကန့်ဒေသလိုပဲ သူတို့ လုပ်ဆောင်မယ့် သဘောရှိပါတယ်။ ဆိုလိုတာကတော့ နှစ်ဖက် အပစ်ရပ်ပြီးတော့ ဝိုင်းပတ်ထားတဲ့ အနေအထားပါ၊ အဲဒီကနေပြီးတော့ လောက်ကိုင်က ဖြေရှင်းနည်းလို တစ်စုံတစ်ရာ ဖြေရှင်းမယ့် အနေအထား ရှိနေပါပြီ။ အဲဒီတော့ အခုအရှေ့မြောက်ရဲ့ စစ်ရေးဦးတည်ချက်က ပြီးဆုံး သွာပါပြီ၊ နောင်ချိုအထိ ရောက်နေပါပြီ။ အခုနောက်ထပ် ရင်ဆိုင်မယ့် ပြဿနာကတော့ ပြင်ဦးလွင်နဲ့ မန္တလေး တိုင်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီစစ်ရေးရည်မှန်းချက်ကို ဆက်အကောင်အထည်ဖော်ဖို့ ကိစ္စမှာ အခုဆွေးနွေးပွဲ သဘောတူညီချက်ထဲမှာ အဲဒီကိစ္စမပါပါဘူး။ တစ်ချိန်ထဲမှာ စစ်ကိုင်းနဲ့ မကွေးက PDF အဖွဲ့အစည်းတွေရဲ့ လှုပ်ရှား တိုက်ခိုက်မှုဟာလည်း ပိုမိုမြင့်တက်လာစရာ အကြောင်းရှိတယ်။ အဲဒါနဲ့ တပြိုင်နက်ထဲ စစ်ကောင်စီရဲ့ အဲဒီဒေသ တွေကို စစ်ရေးအရ ချေမှုန်းတိုက်ခိုက်မယ့် အလားအလာဟာ ပိုပြီးတော့ များပြားလာတယ်လို့ ကျနော်ကတော့ ယူဆပါတယ်ခင်ဗျ” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ သိန္နီ၊ ချင်းရွှေဟော်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့တို့ကို ညီနောင်မဟာမိတ်တို့က သိမ်းယူထားသည်။