CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၈
မြန်မာ့သရက်သီးကို တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်အောင် လုပ်ဆောင်နေပြီး ဈေးကောင်းရအောင် ကြိုးပမ်း နေသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သစ်သီးဝလံ ဟင်းသီးဟင်းရွက် ပန်းမန်တွေ အကုန်လုံးက စျေးကွက်မရှိရင် တောင်သူဘယ်လိုမှ မရပ် တည်နိုင်ဘူး။ သွင်းအားစုတွေ စျေးမြှင့် နေရင်တောင်မှ မြင့်မားတဲ့ စျေးကွက်မျိုးကို ရတယ်ဆိုရင် တောင်သူက ခံသာသေးတယ်။ အဲဒီအတွက်ကြောင့် ဦးတို့ကတော့ စိုက်ပျိုးထုတ်လုပ်တဲ့သူတွေ အကျိုးကို ကြည့်ပြီးတော့ စျေးကွက် ရရှိဖို့အတွက်ကို အစဥ်တစိုက် လုပ်တယ်။ နောက်တစ်ခုက ခူးပြီးတော့မှ ပျက်စီးမှုတွေ နည်းအောင် လည်း ဒီအသီးတွေကို finish product ပေါ့ နောက်ပိုင်း အဆင့်မြှင့်တဲ့ ဟာမျိုးတွေ လုပ်တာမျိုးတွေလည်း ရှိတယ်။ ဥပမာ- သရက်တို့ သရက်သီးခြောက်တို့၊ သရက်ဖျော်ရည်တို့ ဒါမျိုးထုတ်တာမျိုးတွေ ရှိပါတယ်။ အဲဒီ နည်းပညာ တွေ ပြန့်ပွားအောင် အတွက်လည်း ဦးတို့အများကြီး လုပ်တာပေါ့ “ ဟု ပြောသည်။

သရက်သီးခြောက် ထုပ်ကိုတွေ့ရစဉ်
မြန်မာ့သရက်သီး တင်ပို့မှုနှင့် ထုတ်လုပ်မှု နည်းပညာများကို နိုင်ငံတကာမှ အကူအညီမှုများရှိနေပြီး စျေးကွက် ဝယ်လိုအားပါ ရှိလာနိုင်ကြောင်း သရက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူ အသိုင်းအဝိုင်းမှ သိရသည်။
သဇင်နွယ် သရက်ခြံပိုင်ရှင် ဦးဌေးအောင်က “သရက်ပြင် လုပ်တယ်။ သရက်သီး အခြောက်လုပ်တယ်။ သရက်သီး အချိုခြောက်တို့၊ အငန်ခြောက်တို့ လုပ်တယ်။ အဲဒါကလည်း သရက်သီး export လုပ်လိုက်တော့ ကျန်တဲ့ သရက် သီးတွေကို ပယ်စျေး ဝယ်ရတာပေါ့။ ပယ်သီးတွေကို ဦးတို့က value added လုပ်တာ အဲဒီပယ်သီး ရှိသလောက်ပဲ လုပ်တာပေါ့။ တစ်ပိုင်တနိုင် အများကြီးတော့ မလုပ်ပါဘူး။ အဓိကကတော့ frozen mango လုပ်တယ်။ သူက တော့ ခပ်များများ လုပ်တာပေါ့။ တစ်နေ့ကို ၇ တန်၊ ၈ တန်လောက်ထိ လုပ်တယ်” CNI သတင်းဌာနသို့ ပြော သည်။

မြန်မာ့သရက်သီးကိုတွေ့ရစဉ်
မြန်မာ့သရက်သီးကို နယ်စပ်ဒေသမှတဆင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း၊ စင်္ကာပူ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
 
	    	  	
	    	       
	    
	  	   
			 
			 
			 
                        
