CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၇

မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွင်းမှာ အိမ်ဆောက်ပစ္စည်းနှင့် အခြေခံ စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းများ အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချမှုများကြောင့် ဈေးနှုန်းများမြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။

မုန်တိုင်းကာလကို အခွင့်ကောင်းယူပြီး စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ပုံမှန်ထက် ၂ ဆ၊ ၃ ဆ ဈေးနှုန်းမြှင့်တင်၍ ရောင်းချမှုများရှိနေကြောင်း မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းမှ တာဝန်ခံ ဦးညီပုက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုဆိုရင် ဆန်တွေကို သိန်းကျော်နေပြီ ဆန်တစ်အိတ်ကို။ ကုန်ပစ္စည်းတွေကလည်း ပုံမှန်ထက် ရောင်း နေတဲ့ ဈေးထက် ၂ ဆလောက် တက်သွားတဲ့ အချိန်ကျတော့ လူတွေက တော်တော်လေး အခက်အခဲ ဖြစ်ရတယ်။ ကျနော်တို့ စစ်ရှောင်တွေစားတဲ့ ရိုးရိုးဆန်ဆိုရင်တော့ ၁ သိန်းဝန်းကျင်နားကို ကပ်နေပြီ။ အရင်ကဆိုရင် ကျနော် တို့ ဒီဘက်တွေမှာက ၆ သောင်း၊ ၆ သောင်းခွဲ အဲဒီလောက်ပဲ ရှိတယ်။ ကြက်ဥကျတော့ ၁၀၀၀ အထိ မတက်သေး ဘူး၊ ၇၀၀၊ ၈၀၀ ထိ တက်နေပြီ ဈေးက” ဟု ပြောသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အနှံ့အပြား၌ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းသင့် ရခိုင်ပြည်နယ် အခြေအနေကို တွေ့ရစဉ်

လက်ရှိအချိန်တွင် ရခိုင်ဒေသရှိ ပြည်သူများသည် အမိုးအကာ၊ သန့်ရှင်းသည့် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

အိမ်မိုးသွပ်ပြားများ ဝယ်ယူရန် မတတ်နိုင်သည့် ပြည်သူများအနေဖြင့် တာပေါ်လိပ်စ (ခေါ်) ပလက်စတစ် အမိုး အကာ တစ်မျိုးကို အသုံးပြုကြကြောင်း စစ်တွေမြို့နယ်မှ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုလောလောဆယ် လူတွေက အရေးတကြီး ရှာနေကြတာတော့ အိမ်မိုးသွပ်ပြား၊ မတတ်နိုင်တဲ့ သူတွေ ကျတော့ တာပေါ်လိပ်စ ရှာကြတယ်။ တချို့ကျတော့ မူရင်းဈေးနဲ့ ရောင်းတယ်။ အဲဒီလူကတော့ မြန်မြန်ကုန်တာ ပေါ့။ တချို့ကျတော့လည်း ဈေးကို ၃၊ ၄ ဆ တင်ပြီး ရောင်းတာရှိတယ်။ စက်သုံးဆီကတော့ ၁ လီတာကို ၅၀၀၀ လို့ ကြားတယ်။ အခုကတော့ ဘာစီးပွားရေးမှ မရှိဘူး။ အိမ်ဆောက်ပစ္စည်း ရောင်းတဲ့ဆိုင်တွေကျတော့ အရေးပေါ် ရောင်းနေရလို့ နည်းနည်း အလုပ်ဖြစ်တယ်” ဟု ပြောသည်။

ထို့နောက် အိမ်ဆောက်ရာတွင် အသုံးပြုသည့် အိမ်မိုးသွပ်များ၊ သံများကို တချို့သော ဆိုင်များသည် မူရင်းဈေး ထက် အဆမတန် မြှင့်တင်၍ ရောင်းချမှုများ ရှိနေကြောင်း၊ တတ်နိုင်သည့် သူများသည် မရရသည့် ဈေးနှုန်းဖြင့် ဝယ်ယူကြသော်လည်း ငွေကြေးမတတ်နိုင်သော ဒေသခံများကတော့ အကူအညီမဲ့နေကြောင်း သိရသည်။

ထိုသို့ ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် အိမ်ဆောက် ပစ္စည်းများကို ရန်ကုန်မှတဆင့် လက်ရှိတွင် မှာယူ ထားပြီးပြီ ဖြစ်ကြောင်း၊ ပြည်သူများကို သက်သာသည့် ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟု ကျောက်တော်မြို့နယ်မှ လေးဝတီ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျမတို့အိမ်က အခု ကျမ ချထားတဲ့ သွပ်ပြားတွေကို ကျမတို့က ပြောတယ် အဲဒီ (ရန်ကုန်) ကနေ ၁၂၀၀၊ ၁၂၅၀ လောက် ရတယ် တစ်ပေကို။ ဒါပေမယ့် ကားခက ဘယ်လောက်ရှိမလဲ မသိဘူးဆိုတော့ အရင်ကတော့ တစ်ပိဿာ ၃၀၀၊ အခုကတော့ တစ်ပိဿာ ၄၀၀ တက်မလား၊ ၅၀၀ တက်မလား မသိဘူး။ ဒါပေမယ့် ကျမ ကတော့ တစ်ပေကို ၁၅၀၀၊ ၁၆၀၀၊ ၁၆၀၀ ဆိုတော့ ပေ ၁၀၀ ပေါ့။ အဲဒီလောက်နဲ့ ကျမ ဝယ်ထားတဲ့ သွပ်ချပ် ၁၅၀၀ ကိုတော့ အဲဒီလို ရောင်းပေးမယ်လို့ ပြောထားတယ်။ ၁ ပေက ၁၀၀ လောက်ရရင် ရပြီ။ သိပ်အများကြီး လည်း မလိုဘူး။ သွပ်ဈေးတွေကတော့ တချို့တလေတော့ နည်းနည်း ဈေးကို ၁ ပေမှ ၁၀၀၊ ၂၀၀ လောက်ပဲ တင်ပြီး ရောင်းကြတယ်။ တချို့တလေကျတော့ ၁၀၀၀၊ ၂၀၀၀ တင်ပြီး ရောင်းကြတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းပေါင်း ၇ သောင်း ထောက်ပံ့ပေးအပ်စဉ်

ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စသည့် မြို့နယ်များသည် မိုခါမုန်တိုင်းကြောင့် နေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများ ပျက်စီး သွားခဲ့သည်။

လက်ရှိတွင် အခြေခံ စားသောက်ကုန်များ အပါအဝင်၊ အိမ်ဆောက်ပစ္စည်းများ၊ စက်သုံးဆီစသည့် ဈေးနှုန်းများမှာ အဆမတန် မြင့်တက်နေသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန်အတွက် ဒေသခံများက လိုလားနေကြသည်။

အဆိုပါ ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အခြေခံစားသုံးကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဈေးဆိုင်များကို သွားရောက်၍ ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်း မရှိစေရေး ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေသည်။