CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယင်းမာပင်၊ ပုလဲ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်းမြို့နယ်များတွင် ပဲနှင့် နှမ်းစိုက်ခင်းများနှင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုတို့ကြောင့် ကြက်သွန်များ အစိုဓာတ်ပျံခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

မုန်တိုင်းကြောင့် ယောချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး စိုက်ခင်းများ ပျက်စီးခြင်းနှင့် ကြက်သွန်များ ပျက်စီးသွားခြင်းကြောင့် လာမည့်လများတွင် ကြက်သွန်ရှားပါးမှုနှင့် ကြုံတွေ့လာနိုင်သည်ဟု မြင်းခြံမြို့မှ ကြက်သွန်ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

မုံရွာမြို့က စိုက်ခင်းကိုတွေ့ရစဉ်

၎င်းက “စိုက်ခင်းထဲမှာ အခုရှိနေတာတော့ ပဲတို့၊ နှမ်းတို့ အဲလိုဟာတွေပဲ ရှိတော့တယ်။ ကြက်သွန်က ဘယ်တောင် သူမှ စိုက်ခင်းထဲမှာ မရှိတော့ဘူးလေ။ စိုက်ခင်းထဲမှာ မရှိတော့ ကြက်သွန်အနေနဲ့တော့ ပျက်စီးတဲ့အထဲ မပါဘူး ပေါ့။ ဒါပေမယ့် တစ်ခုရှိတာက ရွာတွေထဲ ရေဝင်တာတို့ကျတော့ တောင်သူအိမ်တွေပေါ်မှာ စင်တွေပေါ်မှာ ကြက်သွန်တွေက တင်ပြီးသား ဖြစ်သွားပြီလေ။ အဲလိုရေဝင်သွားတော့ မကောင်းဘူးပေါ့။ ကြက်သွန် ရေထဲ ပါသွားတာ မဟုတ်ဘူးလေ။ စင်အောက်မှာ ရေတွေဝင်ရော၊ ရေငွေ့ရိုက်ပြီးတော့ အရောင်ပျက်။ ၁ ပတ်ကနေ ၂ ပတ်၊ ၂ ပတ် ကနေ ၃ ပတ် ဖြစ်လာရင် ၁ လလောက်နေရင် ကြက်သွန်တွေက အရောင်ပျက်ပြီး၊ နူးပြီးတော့ ပုပ်လာတာပေါ့။ အဲဒီလိုဖြစ်လာတဲ့အတွက် တောင်သူထွက်ထားသမျှ ရောင်းဘက် မတင်နိုင်တော့ဘူးပေါ့။ ရေရှည်ထားလို့ မရ တော့ အဲဒီကုန်တွေက တဖြည်းဖြည်းချင်းတော့ ဈေးကွက်ထဲကို ဝင်ပစ်ရတော့မှာပေါ့။ ဝင်ပြီးတော့ နောက် ၁ လ ကျော်၊ ၂ လလောက်ဆိုရင် ကုန်က ပိုတောင် ရှားလာမယ့်သဘော ရှိတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့တွင် စလင်းချောင်းမှ ရေဝင်ရောက်မှုကြောင့် စိုက်ပျိုးထားသည့် ပဲတီစိမ်း နှင့် နှမ်းစိုက်ခင်း အများဆုံး ပျက်စီးပြီး ဂိုဒေါင်ထဲတွင် သိုလှောင်ထားသည့် ကြက်သွန်၊ မတ်ပဲ၊ ပဲစဉ်းငုံ စသည့် ပဲ အမျိုးမျိုးတို့သည့် ရေလွှမ်းမိုးမှုကြောင့်လည်း ပျက်စီးမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ထိုသို့ သီးနှံများ ပျက်စီးသွားသည့်အတွက် တောင်သူများအနေဖြင့် ပြန်လည်စိုက်ပျိုးရန် အဆင်မပြေတော့ကြောင်း၊ အခက်အခဲများစွာ ရှိလာမည် ဖြစ်ကြောင်း ဆင်ဖြူကျွန်းမြို့မှ ပဲစိုက်တောင်သူ ကိုဝင်းဇော်ဟိန်းက CNI သတင်းဌာနသို့ ပြောသည်။

တောင်သူများ စိုက်ပျိုးရေးလုပ်နေစဉ်

၎င်းက “ပဲတီစိမ်းရယ်၊ နှမ်းဆိုတာက တရုတ်ပြည်ကို တင်ပို့တဲ့ စမုံနက်တို့၊ ပြည်တွင်းမှာ ဆီကြိတ်စားတဲ့ နှမ်းတို့ ပျက်စီးတာပေါ့။ ဒီအချိန်မှာတော့ အဲဒီသီးနှံတွေပဲ စိုက်ကြတာလေ။ ပြီးတော့ ဂိုဒေါင်တွေထဲမှာ ထားတဲ့ ကြက်သွန် ပျက်စီးတယ်။ ကျနော်ဆိုလည်း ကြက်သွန် ပျက်စီးတယ်။ ပြီးတော့ ပဲပေါ့။ ပဲဆိုတာက မတ်ပဲပါမယ်၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ပြုတ်စားတဲ့ စားတော်ပဲ၊ ပဲကြီးပေါ့။ ဂိုဒေါင်ထဲမှာထားတဲ့ ဟာတွေ ပျက်စီးပါတယ်။ နောက်တစ်ခါကျတော့ ဆန်ပေါ့၊ စပါး။ စိုက်ထားတဲ့သီးနှံ ပျက်စီးတာတော့ ပဲတီစိမ်းနဲ့ နှမ်း အများဆုံးပေါ့။ နွားတွေလည်း တော်တော် ပျောက်ကြတယ်။ သေလည်း သေကြတယ်။ ဆီဆိုင်ဆိုရင် ဆီပေပါတွေ အလုံးလိုက် မျောတာ။ နဂိုကတည်းကမှ စိုက်တာက တောင်သူမို့လို့သာ တောင်သူအလုပ် လုပ်ရတာကိုး။ ဆီတစ်ဂါလံကို ၁ သောင်းလေ။ ခက်ခဲသွားပြီပေါ့” ဟု ပြောသည်။

ပဲတီစိမ်းများသည် ရေနစ်မြှုပ်မှု မဖြစ်ခင်တွင် အနည်းငယ်သော စိုက်ခင်းများသာ ရိတ်သိမ်း၍ ရနေပြီ ဖြစ်သော် လည်း နှမ်းစိုက်ခင်းများသည် မေလကုန်ဆုံးပြီးမှသာ ရိတ်သိမ်း၍ ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရေနစ်မြှုပ် သွားပြီ ဖြစ်သည့်အတွက် ယင်းသီးနှံများသည် အလုံးစုံ ပျက်စီးသွားပြီဖြစ်သည်ဟု တောင်သူများက ပြောသည်။

ကြက်သွန်များ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာနေပြီး ရေလွှမ်းမိုးမှု မဖြစ်ခင် ကာလတွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ် ရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၁၉၀၀ ကျပ် သို့ ရောက်ရှိလာနေပြီ ဖြစ်သည်ဟု ကုန်သည်များနှင့် တောင်သူများထံမှ သိရသည်။