CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၆

ရေချိုငါးခြောက်စျေးကွက်တွင် ငါးရံ့ခြောက်များကို ပြည်ပစျေးကွက် အ၀ယ်လိုက်လာသောကြောင့် ငါးခြောက် ပွဲရုံပိုင်ရှင် အချို့မှာ ပြည်တွင်း စျေးကွက်အတွင်း ဟန်ပြလောက်သာ ထုတ်ရောင်းနေကြကြောင်း သီရိမင်္ဂလာ စျေးမှ ရေချိုကုန်ရောင်းသူ ဦးသက်နိုင်၀င်းက CNI သတင်းဌာနသို့ ပြောပြသည်။

၎င်းက “ငါး‌ခြောက် ရောင်းအားတွေကတော့ အခုဆိုလို့ရှိရင် တချို့ပွဲရုံပိုင်ရှင်တွေ ဆိုလို့ရှိရင် ဒီငါးရံ့ခြောက်ကို အမြင်လှပြီး ကောင်းတဲ့ဥစ္စာတွေဆို သူတို့တွေ အအေးခန်းတွေထဲမှာ သိုလှောင်ထားတယ်။

သိုလှောင်ထားပြီး တော့ ဒီစျေးကွက်ထဲကို ဟန်ပြလောက်ပဲ ထုတ်ရောင်းတာ ရှိတယ်။ အစ်ကိုတို့တွေဆို ဒီငါးခြောက်ကောင်းရင် ကောင်းသလောက်ပေါ့ စျေးကောင်းပေးပြီး ၀ယ်ယူနေရတယ်။ ဒီပြည်ပစျေးကွက်ကိုပဲ သူတို့တွေကလေ အဓိက တင်ပို့နေတယ်။ အစ်ကိုတို့ ဒီပြည်တွင်းမှာ ဘယ်လိုဖြစ်လဲဆိုတော့ ဒီ ငါးခြောက်၀ယ်ရတာ စျေးမြင့်ပြီး ၀ယ်နေရ တော့ လုံး၀ အဆင်မ‌ပြေဘူး။ တော်တော်လေးလည်း ခက်ခဲလာတယ်ပေါ့နော်။ အစ်ကိုတို့ ဒီငါးရံ့ခြောက်တွေ ၀ယ်ရတာ အရမ်းကို ရှားပါးလာတာ တွေ့ရတယ်ပေါ့။ ဒီငါးရံ့‌ခြောက်ကို စားချင်တဲ့ ၀ယ်လက်တွေက ရှိတယ်။ ဒါပေမယ့် ကိုယ်တို့မှာ ရောင်းဖို့အတွက် ငါးရံ့ခြောက် ကုန်ခြောက်ကို မနည်းလိုက်၀ယ် နေရတယ်ပေါ့ “ ဟု ပြော သည်။

ငါးမဖမ်းရ ကာလရောက်လာပါက နယ်သို့ ပို့ဆောင်သည့် ဈေးကွက်ရပ်တန့်သွားနိုင်ပြီး အအေးခန်းဖြင့် သိုလှောင်ထားသည့် ငါးခြောက်များသာ ရောင်း၀ယ်တော့မည်ဖြစ်ကြောင်း၊ ထို့နောက် ငါးခြောက်ဈေး မြင့်တက် လာနိုင်သည်ဟု သီရိမင်္ဂလာ လက်ကားဈေးအတွင်းမှ သိရသည်။

သီရိမင်္ဂလာစျေးကို တွေ့ရစဉ်

ဦးသက်နိုင်၀င်းက “ခုချိန်ဆိုရင် ပြောရလို့ရှိရင် ဒီအအေးခန်းထဲမှာ သိုလှောင်ပြီး ထားတဲ့ ငါးခြောက်တွေကို သူတို့ ရောင်းနေရတာ မဟုတ်သေးဘူးပေါ့။ နောက်ပိုင်းဆိုရင် ကျနော်တို့ ဒီ ငါးဖမ်း ကာလပိတ်ချိန် ရောင်းမယ်ဆိုလို့ ရှိရင် နယ်က အ၀င် မရှိတော့ဘူးပေါ့ဗျာ။ အဲတော့ ခုလက်ရှိ စျေးကွက် ပေါက်စျေးထက် မြင့်လာမယ်လို့တော့ ကျနော်တို့ကတော့ ယူဆတယ်။ ဒီမှာတော့ အခုကျနော့်ဆိုင် ဆိုလို့ရှိရင် တစ်ရက်ကို ပုံမှန်ပေါ့ ပိဿာ ၂၅၀၀၊ ၃၀၀၀ လောက်ထိပေါ့ ရောင်းအားရှိတယ် “ ဟု ပြောသည်။

အအေးခန်းများ၌ ငါးခြောက် သိုလှောင်ရာတွင် အလေးချိန် တစ်ကီလိုဂရမ်လျှင် ၁. ၈၀ ကျပ်နှုန်း ပေးရသည့် အတွက် သိုလှောင်ထားချိန် တစ်လကြာသွားသည့် အခါတိုင်း ငါးခြောက် တစ်ပိဿာ၌ ကျပ် ၁၀၀၀ ကျော်ခန့် အရင်းအနှီးစရိတ် တက်လာကြောင်း သိရသည်။

ငါးရံ့ ခြောက်ကို မလေးရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများသို့ အဓိက တင်ပို့ရောင်းချနေရခြင်း ဖြစ် သည်။

သီရိမင်္ဂလာစျေးကို တွေ့ရစဉ်

လက်ရှိ ငါးခြောက် လက်ကားစျေးများအနက် ငါးရံ့ခြောက် ( အလုံး ) တစ်ပိဿာ ၄၅၀၀၀ ကျပ်၊ ငါးရံ့ခြောက် ( ပြားသေး) တစ်ပိဿာ ၅၂၀၀၀ ကျပ်၊ ငါးရံ့‌ခြောက် ( ပြားကြီး ) တစ်ပိဿာ ၇၈၀၀၀ ကျပ် စသဖြင့် အသီးသီး ရှိသည်။

ထိုစျေးနှုန်းများသည် ပြီးခဲ့သည့် ဧပြီလ ပေါက်စျေးထက် တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ စျေးတက်လာ ကြောင်း သိရသည်။