CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင် အပါအဝင် NCA မထိုးသေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား ဆွေးနွေးရန် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ EAO နဲ့ ပတ်သက်ပြီးတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းထဲမှာ NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်။ NCA လက်မှတ် ရေးထိုးထား ခြင်း မပြုတဲ့အဖွဲ့တွေရှိတယ်။ အဲ့ဒီတော့ ကျနော် နှစ်ဖွဲ့လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး လက်မှတ် မရေးထိုးထားတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ တွေ့ဆုံ ဆွေးနွေး ဖို့အတွက် ဖိတ်ခေါ်ပါတယ်။ ဒါ လက်မှတ် မရေးထိုးထားတဲ့ အဖွဲ့ပေါ့” ဟု ပြောသည်။
ထို့နောက် မနက်ဖြန် (ဧပြီ ၂၁ ရက်)တွင် မိမိအနေဖြင့် ကြေညာချက်များ ထုတ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်က “ မနက်ဖြန်ကျရင်လည်း ကျနော်တို့ ကြေညာချက်တွေ ထုတ်မှာ ဖြစ်ပါတယ်။ ဒါလေး ကြိုပြီး ကျနော် ပြောပါတယ်။ နောက်တစ်ခုက လက်မှတ် ရေးထိုးထားတာပေါ့ လက်မှတ် ရေးထိုးထား ပြီးတော့မှ ဒီ ၅ နှစ်အတွင်းမှာ တွေ့ဆုံခြင်း မပြုတဲ့အဖွဲ့တွေရှိတယ်။ ဥပမာအားဖြင့် KNU တို့၊ CNF တို့၊ ABSDF တို့ အဖွဲ့တွေ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင်လဲ ဆွေးနွေးဖို့တော့ ကျနော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်။ နောက် လက်မှတ်ရေးထိုးထားပြီးတော့မှ သဘောတူညီချက် ယူထားတာတွေရှိတယ်။ ဥပမာ အားဖြင့် ၄၃ ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့ အထဲမှာ Union Accord ရထား တဲ့ သဘောတူညီချက်တွေရှိတယ်။ အဲ့ဒါကိုလည်း လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြပြီးတော့ အပိုင်း လိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးခြင်း မပြုရသေးသည့် အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးရန်အတွက် ဇူလိုင် ၃၁ ရက် နောက်ဆုံး ထားပြီးတော့ ဆွေးနွေးရန် မိမိအနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့လည်း ငြိမ်းချမ်းရေး လိုချင်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုးရေးကိစ္စဆိုသည်မှာ ဘာမှလုပ်၍မရကြောင်း ၎င်းက ပြောသည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ ငြိမ်းချမ်းရေးလုပ်မှသာ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ်လို့ရ တယ်။ ရှေ့က တည်ဆောက်ရေး လုပ်ငန်းလုပ်သွား နောက်က အဖျက်လုပ်ငန်းတွေ ပါလာလို့ရှိရင် သမင် မွေးရင်း၊ ကျား စားရင်း ဆိုသလို ဖြစ်နေမှာပေါ့။ ဒါကြောင့် ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက် တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှား သွားမယ်။ ကျနော်တို့ အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိ လာပါလိမ့်မယ်။ ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ NCA လက်မှတ် ရေးထိုးထားခြင်း မပြုတဲ့ အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေ ဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် NCA ကို RCSS, PNLO, ALP, DKBA, KNU/KNLA-PC, LDU, NMSP, CNF, KNU, ABSDF တို့ လက်မှတ်ထိုးထားပြီး KIA,SSPP,UWSA,KNPP,NDAA တို့က လက်မှတ် မထိုးပေ။
ထို့နောက် AA,TNLA,MNDAA,SNA,NSCN အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ထွက် လာသော လက်နက်ကိုင် အဖွဲ့အသစ်များကိုတော့ တပ်မတော်က မည်ကဲ့သို့ သဘောထားသလဲ ရှင်းရှင်းလင်း လင်း မသိရသေးပေ။
