CNI News

၂၀၁၃ ခုနှစ်၊ မေလ ၁၉

တိုက်ခန်း အရောင်းအဝယ်များတွင် အမည်ပြောင်းခနှင့် လခ ပေးဆောင်နေရခြင်းများအတွက် မြေရှင် လက်မှတ် ထိုးခ တောင်းခံနေခြင်းမှာ ဥပဒေအရ ပေးဆောင်ရန် မလိုအပ်ကြောင်းနှင့် တောင်းခံခွင့်မရှိကြောင်း တရား လွှတ်တော်ရှေ့နေ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်ကျော်က “အဓိကကတော့ တိုက်တစ်ခုခု ဖြစ်သွားတဲ့ အချိန်ကျ မြေရှင် အသိအမှတ်ပြု ပါတယ်ဆိုတဲ့ သဘောတရားနဲ့ မြေရှင်ကို ကန်တော့တဲ့ သဘောနဲ့ ပေးကြတာ။ ဥပဒေကြောင်းအရတော့ သတ်မှတ်ထားတာ မရှိဘူး။ မြေရှင်က အသိအမှတ် မပြုဘူးဆိုလည်းရတယ်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မြေရှင် အတွက်ဆိုပြီး သွားပေးကြလည်း ရတယ်။ သူ့ရဲ့ တာဝန်အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်အဖြစ်လည်း ဆောင်ရွက် လို့ရတယ်။ အဲတာကလည်း ကိုယ့်ရဲ့ သဒ္ဓါကြေးပဲပေါ့။ အဓိကကတော့ ဘယ်ရွေ့ဘယ်မျှ ဆိုတာ မရှိဘူး”ဟု ပြော သည်။

အချို့ မြေရှင်များအနေဖြင့် အမည်ပြောင်းခြင်းမျိုးကြုံလျှင် မြေရှင်နှင့် သဘောတူညီချက် ပမာဏ စာချုပ်တွင် ပါသည့် တန်ဖိုးအတိုင်းပေးသည်ကို လက်မခံတော့ဘဲ လက်မှတ်ထိုးခကို မတန်တဆစျေး တောင်းဆိုခြင်းများ ရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ရန်ကုန်မြို့ပြကိုတွေ့ရစဉ်

တိုက်ခန်း အရောင်းအဝယ်တစ်ခု အောင်မြင်ရေးအတွက် မြေရှင် လက်မှတ်ထိုးခနှုန်းကို သုံးရာခိုင်နှုန်း အထိ တောင်းဆိုခြင်းများရှိလာရာ ကျပ်တစ်သိန်းအတွက် သုံးထောင်ကျပ်၊ သိန်းတစ်ရာအတွက် သုံးသိန်းပေးရမည် ဖြစ်နေသည်။

အိမ်ခြံမြေ အရောင်းအဝယ်လုပ်သူ ဦးဇေယျာက “မြေရှင် လက်မှတ်ထိုးတာက တချို့တိုက်တွေဆို 1 percent တချို့ဆိုရင် 2 percent တောင်းကြတယ်။ တချို့ ကြတော့လည်း နှစ်ပေါင်းများစွာ ကြာပြီးတော့ တိုက်တန်ဖိုးတွေ အရမ်းတက်သွားတဲ့ အခါဆိုလို့ရှိရင် 3 percent လောက် တောင်းကြတယ်။ လောဘကြီးတဲ့ မြေရှင်တွေရှိသလို သဘောကောင်းတဲ့ မြေရှင်တွေ ရှိတာပေါ့။ ဘာကြောင့် ပေးရမယ်ဆိုတဲ့ ဥပဒေက မရှိဘူး ။ ဒါပေမယ့် လူတွေက စာချုပ်အတိုင်းပဲ ပြောတာ၊ စာချုပ်ဆိုတာကလည်း ပဋိညာဉ်ပဲလေ တောင်းဆိုချက် တစ်ခုအနေနဲ့သာ တောင်းနေ ကြတာ။ အချို့ရှေ့နေတွေကြတော့လည်း မပေးဖို့ ပြောတယ်။ အချို့ကျတော့လည်း ပေးဖို့ ပြောတယ်။ ဒါပေမယ့် ပထမစာချုပ်မှာ ပေးမယ်လို့ စာချုပ်ချုပ်ဆို ဝယ်ထားတဲ့အတွက်ကြောင့် အဲတာ ပေးရမယ်ဆိုတဲ့ အစဥ်အလာလို ဖြစ်သွားတာ “ ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် မြေရှင်မှ လက်မှတ် မထိုးပေးခြင်း၊ ငွေထပ်မံ တောင်းခြင်းများ မဖြစ်ပေါ်စေရန် တိုက်ခန်း အရောင်း အဝယ် စာချုပ်ချုပ်ဆိုစဥ်ကတည်းက မြေရှင် လက်မှတ်ထိုးခနှုန်းထားကိုပါ တစ်ခါတည်း ထည့်သွင်းချုပ်ဆိုသင့် ကြောင်း ဥပဒေရေးရာ ပညာရှင်များနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ရန်ကုန်မြို့တွင်း တစ်နေရာကိုတွေ့ရစဉ်

အလားတူ သက်ဆိုင်ရာအာဏာပိုင်များကလည်း တိုက်ခန်း အရောင်းအဝယ် လုပ်ရာမှာ မြေရှင်က အသိအမှတ်ပြု လက်မှတ်ထိုးခ တောင်းခံနေခြင်းကို ထိထိရောက်ရောက် အရေးယူသင့်ကြောင်း၊ ဥပဒေတွင် မြေရှင် လက်မှတ်ထိုး ခ ပေးရမည်ဟု ပြဋ္ဌာန်းခြင်းမရှိကြောင်း ရှေ့နေများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

မြန်မာနိုင်ငံတွင် တိုက်ခန်း/အိမ်ရာဥပ‌ဒေနှင့် ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရလက်ထက် မတိုင်ခင်ကတည်းက ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း ယခုချိန်အထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခန်း/အိမ်ရာဥပဒေ ပေါ်ပေါက်မှသာ တိုက်ခန်း အရောင်းအဝယ်အတွက် ခိုင်မာမှုရှိလာမည် ဖြစ်သလို ရောင်းသူဝယ်သူ နစ်နာမှု နည်းပါးလာနိုင်မည်ဖြစ်ကြောင်း၊ မြေရှင် လက်မှတ်ထိုးခလည်း ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း အိမ်ခြံမြေ အရောင်းအဝယ်လုပ်သူ ဦးဇေယျာက ပြောသည်။