CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၉

ဆန်စပါးဈေးနှုန်း ကစားမည့်သူများကို ထိန်းချုပ်သည့် အနေဖြင့် ဆန်အိတ်ရေ ၁၀၀၀၊ တန်ချိန်အနေဖြင့် တန် ၅၀ နှင့် စပါးတင်းရေ ၅၀၀၀ နှင့်အထက် သိုလှောင်မည်ဆိုပါက မှတ်ပုံတင်ကြရမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းသည် ကောင်းမွန်သော်လည်း ပုံမှန်ဝယ်ရောင်း လုပ်ဆောင်နေ ကြသည့် ကုန်သည်များနှင့် ပွဲရုံများအတွက် လုပ်ငန်းများ နှောင့်နှေးသွားစေနိုင်ကြောင်း ဆန်ကုန်သည်များက ပြောသည်။

ဆန်ရောင်းဝယ်ရေး လုပ်ဆောင်နေကြသည့် ဆန်ဆိုင်ကြီးများနှင့် ပွဲရုံများ၏ ဆန်သိုလှောင်မှုနှင့် ရောင်းချနေမှုများ သည် ဆန်အိတ်ရေ ၁၀၀၀ မက ရှိသည့်အတွက် ယခုကဲ့သို့ သိုလှောင်ပမာဏ ကန့်သတ်လိုက်ခြင်းကြောင့် အခက် အခဲ ဖြစ်ပေါ်စေနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “လှောင်ပြီး ကစားတဲ့ သူတွေအတွက်ကိုတော့ လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် ပုံမှန်လုပ်နေတဲ့ သူ တွေ အတွက်တော့ နည်းနည်း အလုပ်ရှုပ်တာပေါ့။ အခက်အခဲလေး နည်းနည်း ရှိတာပေါ့။ အခက်အခဲ မရှိအောင် တော့ သူတို့ကတော့ အလွယ်ဆုံးနည်းတွေနဲ့ လုပ်ပေးဖို့တော့ စီစဉ်နေတယ် ပြောပါတယ်။ အွန်လိုင်းကနေ စာရင်း ပို့တာတို့ ဘာတို့ပေါ့။ တချို့တွေက ဈေးပေါမှ ဝယ်ပြီး ဈေးကြီးမှ ပြန်ရောင်းတဲ့သူတွေအတွက် လုပ်တာတော့ ကောင်းပါတယ်။ ကျနော်တို့ အမြဲဝယ်ရောင်း လုပ်နေတဲ့ ပွဲရုံတွေ၊ ဆိုင်ကြီးတွေကတော့ အိတ် ၁၀၀၀ မကဘူး ထားထားတယ်။ အဲဒီလူတွေကတော့ စာရင်းတင် ဘာတင်နဲ့တော့ နည်းနည်း အလုပ်လေးတွေ ပိုလာတာပေါ့။ ဈေးကွက်မှာတော့ ထိရောက်မှု ရှိနိုင်ပါတယ်။ လက်ထဲမှာ အများကြီး အမြတ်ကြီး ချရောင်းမယ်ဆိုရင်တော့ နည်း နည်းလေး လျှော့ရောင်းပေါ့။ အဲဒါတွေလည်း နည်းနည်းတော့ လှောင်တဲ့သူတွေအပေါ်တော့ အကျိုးရှိနိုင်ပါတယ်။ ကျနော်တို့ ပုံမှန်လုပ်တဲ့သူတွေကျတော့ နည်းနည်းလေး အလုပ်များသွားတယ် အဲဒီသဘောပါပဲ” ဟု ပြောသည်။

ဆန်အိတ်များ သိုလှောင်ထားစဉ်

လက်ရှိတွင် ပြည်တွင်း ဆန်စျေးနှုန်းသည် တစ်အိတ်လျှင် အနိမ့်ဆုံး ၆၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၃၀၀၀၀ ကျပ် အထိ ရှိနေကြောင်း၊ စပါးတင်း ၁၀၀ လျှင် ၁၃ သိန်းကျပ်မှ သိန်း ၂၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

ဆန်နှင့်စပါး သိုလှောင်မှုအတွက် မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်မှု ရှိ/မရှိကို စစ်ဆေးကြပ်မတ်နိုင်ရန် ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ - ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ဆန်စက်များတွင် စပါးမည်မျှရှိကြောင်းနှင့် ဆန်ကုန်သည်များထံတွင် ဆန် ပမာဏ မည်မျှ လှောင်ထားကြောင်း သိရှိနိုင်ရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ဆန်ကုန်သည်များက ပြောသည်။

သို့သော်လည်း ဆန်စပါး ဈေးကွက်ကို အပြည့်အဝ ထိန်းနိုင်သည့် အခြေအနေ မဟုတ်ဘဲ ၃၀ ရာခိုင်နှုန်းခန့်သာ ထိန်းနိုင်မည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဆန်အိတ်များ သယ်နေစဉ်

ဦးသိန်းအောင်က “၃၀ ရာခိုင်နှုန်းလောက်ပဲ ထိန်းလို့ရမယ်။ ၇၀ ရာခိုင်နှုန်းကတော့ ဖောက်ထွက်သွားမှာပဲ။ ဥပမာ ဆိုပါတော့ တန်ချိန် ၅၀ ထက်ပိုရင် မှတ်ပုံတင် ရမယ်ဆိုရင် ဥပမာဆိုပါတော့ ရင်းနှီးတဲ့ မိတ်ဆွေ ၁၀ ယောက်ရဲ့ နာမည်နဲ့ ခွဲလိုက်ရင် တန်ချိန် ၅၀၀ တောင် ထားလို့ရမယ်လေ။ သူတို့ အဲဒီလို ခွဲမှာပဲလေ။ အဲဒီ ထိန်းချုပ်မှုက ပြောမယ်ဆိုရင် ဆန်စပါးဈေးကွက်ကို ၃၀ ရာခိုင်နှုန်းလောက်ပဲ အခု ဒီလို ကမောက်ကမ ဖြစ်မှုကို ၃၀ ရာခိုင်နှုန်း လောက်ပဲ ၃၀ ရာခိုင်နှုန်းထက် မပိုဘူးလို့ ထိန်းချုပ်နိုင်စွမ်းက။ ဒါပေမယ့် နိုင်ငံရေးအရတော့ တစ်ဖက်ကနေပြီး တော့ ထိန်းချုပ်လို့တော့ ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အထိန်းလေးတစ်ခုတော့ ရပါတယ်။ ဒါကလည်း ပြောမယ်ဆိုရင် တာဝန်ယူထားတဲ့ အစိုးရအနေနဲ့ မဖြစ်မနေ လုပ်ရမှာပဲ” ဟု ပြောသည်။

ဆန်စပါး သိုလှောင်မှုအတွက် မှတ်ပုံတင်ရာတွင် ကုန်သည်များ၊ ပွဲရုံများ၊ ဆန်စက်များနှင့် ဂိုဒေါင်အငှား လုပ် ဆောင်သည့်သူများ ပါဝင်ကြောင်း၊ မှတ်ပုံမတင်ပါက ဥပဒေနှင့်အညီ အရေးယူ ခံရမည်ဖြစ်ကြောင်း၊ ယခင်က ဆန်နှင့် စပါးကို သိုလှောင်မှုအတွက် မည်သည့်ဌာနကိုမှ စာရင်းတင်ပြရခြင်းနှင့် မှတ်ပုံတင် လျှောက်ထားရခြင်း မရှိခဲ့ကြောင်း သိရသည်။