CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄

ပြည်တွင်းတွင် ဆန်ဈေးနှုန်း အဆမတန် မြင့်တက်နေရခြင်းသည် နစက၏ လုပ်ရပ်နှင့် မကင်းကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် နစက၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိတွင် ကမ္ဘာ့ဆန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ပြည်ပသို့ တင်ပို့နေသည့် မြန်မာ့ဆန်ဈေးနှုန်းလည်း မြင့်တက်မှုကို ကုန်သည်များက မျှော်လင့်နေကြောင်း၊ ပြည်ပတင်ပို့မှုများနှင့် ပတ်သက်၍ မူဝါဒများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် နစကအနေဖြင့် ပြည်တွင်းဆန်ဈေးနှုန်း ကျဆင်းရေးနှင့် ပတ်သက်၍ ထိရောက်စွာ လုပ်ဆောင်မှု မရှိဘဲ ငြိမ်နေသည့်သဘော ဖြစ်နေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“စပါးဈေးတက်အောင် လုပ်နေတာက ရှင်းရှင်းပြောရရင် နစကလက်ချက်လည်း မကင်းဘူး။ ဒီနေ့ သူတို့ဆီက ထွက်လာတဲ့စကားအရ။ သူတို့ မူဝါဒတွေ ပြန်လည်သုံးသပ်မယ်။ သူတို့ Export Earning သိပ်ရချင်တဲ့အခါ ကျတော့ Export က ဆန်စပါးက ကမ္ဘာ့ဈေးကွက်မှာ ဆန်ဈေးက ဟို market တွေ ပိတ်ပြီ၊ ဒီ market တွေ ပိတ်ပြီဆိုတော့ ဆန်ဈေးက တက်လာဖို့ ရှိတယ်လို့ သူက မျှော်မှန်းပြီးတော့ သူက ဆန်ဈေးကို ဆွဲတင်နေတာ။ ဘာလို့ဆို သူတို့ပြောတဲ့စကားက ပြည်ပပို့ကုန်သမားကို အားပေးအားမြှောက်ပြုမယ်တို့ ဘာတို့ပြောတော့ အဲဒီ စကားတွေရော၊ နောက်ပြီးတော့မှ ကျနော်တို့ မူဝါဒ ပြန်လည်သုံးသပ်မယ်ဆိုတဲ့ စကားလုံးတွေရော၊ နောက်ပြီး ကမ္ဘာ့ဈေးကွက်မှာ ဆန်ဈေးက တက်လာနေပြီဆိုတဲ့ ဟာတွေရောဆိုတော့ ဒီလက်ချက်က နစက လက်ချက် လည်း မကင်းဘူး။ ဆန်ဈေးတက်တာတောင် ငြိမ်နေတယ်ဆိုတော့ သွားပြီပေါ့” ဟု ပြောသည်။

လက်ရှိ ပြည်တွင်းဆန်ဈေးနှုန်းများသည် စံချိန်တင် မြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၄၈,၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၂၅,၅၀၀၊ ဆင်းသုခ ဆန်တစ်အိတ်ကို ၉၅,၀၀၀ ကျပ်၊ ဧည့်မထ ၂၅ မှတ် ဆန်ကြမ်းသည် ၇၀,၀၀၀ ကျပ် စသဖြင့် အသီးသီး မြင့်တက်လျက်ရှိနေသည်။

နိုင်ငံတကာ ဆန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ပြည်ပတင်ပို့သည့် ဆန်များ ဈေးနှုန်းမြင့်တက်သွားကြောင်း၊ ထို့ အတူ ပြည်တွင်းတွင် စားသုံးနေသည့် ဆန်ဈေးနှုန်းများ လိုက်ပါမြင့်တက်သွားခြင်းကြောင့် စားသုံးသူ ပြည်သူများ အနေဖြင့် ဈေးကြီး ဝယ်စားနေကြရသည်ဟု ဦးသက်ဇော်က ဆက်ပြောသည်။

“ဆန်ဈေးတက်နေတာက ဆန်ကုန်သည်တွေက Export မျှော်လင့်ချက်နဲ့ Export တွေက ဈေးနှုန်းတွေ တက်နေ တော့ ဆန်အဝယ်လိုက်အောင်လို့ ဆွဲတင်တာ။ အမှန်မှာ အဲဒါလုပ်တာက လုပ်နည်းကိုင်နည်း မှားနေတယ်။ အစိုးရကလည်း Export ပရိုမိုးရှင်း လုပ်သော်ငြားလည်းပဲ ပြည်တွင်းဖူလုံမှု ပြီးတော့မှ Export ပရိုမိုးရှင်းကို လုပ်သင့်တယ်လို့ အကြံပြုလိုတယ်။ ဆန်ကုန်သည်ကြီးများအသင်းကလည်း ရသလောက် တင်မယ်။ ရသလောက် တင်ဖို့အတွက် ပြည်တွင်းကို ကိစ္စမရှိဘူး။ ပြည်တွင်းကိစ္စကို သူတို့ဂရုမစိုက်ဘဲနဲ့ ရှိသမျှ ဆန်ကို ဝယ်ပြီးတော့ ဈေးကြီး ပေးဝယ်ပြီးတော့ တင်တယ်။ တင်တော့ ပြည်တွင်းဈေးကွက်မှာ ဈေးတွေက ကြီးသွားတယ်။ ကြီးသွား တော့ Export တော့ သွားပါရဲ့ ပြည်တွင်းဈေးကြီးတဲ့ဒဏ်ကို ပြည်ပပို့တဲ့ နှုန်းအတိုင်း လိုက်တက်တော့ ပြည်သူ ပြည်သားတွေ ဒုက္ခရောက်တာပေါ့။ အဲဒီနှုန်းထားအတိုင်း လိုက်ပေးစားနေသလို ဖြစ်တာပေါ့” ဟု ပြောသည်။

လက်ရှိ ပြည်တွင်းတွင် ဆန်၊ စပါးဈေးနှုန်းများသည် တရှိန်ထိုး မြင့်တက်နေခြင်းနှင့် ပတ်သက်၍ ဈေးနှုန်းကျရန် လုပ်ဆောင်နေပြီး အစိုးရအနေဖြင့် လိုအပ်သည့် မူဝါဒ ထိန်းညှိမှုများကို ဆောင်ရွက်သွားမည် ဖြစ်သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လာမည့် ၂ လအတွင်း မိုးစပါးများ လှိုင်လှိုင်ပေါ်လာတော့မည် ဖြစ်သည့်အတွက် အစိုးရအနေဖြင့် လက်ရှိ ဆန်ဈေး နှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ရန် သိုလှောင်ထားသည့် အရန်ဆန်များကို သက်သာသောနှုန်းထားများဖြင့် ထုတ် ရောင်းပေးမည်ဆိုပါက ပြည်သူများ၏ စိုးရိမ်စိတ်များကို ထိန်းသိမ်းရာ ရောက်နိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“အန်ကယ်ပြောချင်တာတော့ အရန်ဆန်ရှိတာကို အခြေခံဝန်ထမ်းနဲ့ အခြေခံ လူတန်းစားတွေ ရှိရာအရပ်မှာ အခြေခံဝန်ထမ်းတွေလည်း ၁ လကို တစ်အိမ်ကို တစ်အိတ်လောက် လုပ်ပေးလို့ ရပါတယ်။ ဒါမှမဟုတ် ၁ တင်းပဲ ဖြစ်ဖြစ်ပေါ့ ထုတ်ပေးလို့ ရပါတယ် တင့်သင့်မျှတတဲ့ ဈေးနဲ့ပေါ့။ နောက်တစ်ခုက ဆင်းရဲသား ရပ်ကွက်တွေ မှာလည်း ၁ အိတ်ကို ၆ သောင်းနှုန်းနဲ့ တစ်မိသားစုကို ဘယ်လောက်ဆိုတဲ့ နှုန်းထားနဲ့ အမြဲတမ်း ကားကြီးနဲ့ ပတ်ပြီးတော့ ရောင်းမယ် အဲဒီလှည့်ပတ်သွားတဲ့ စရိတ်အပါ ဆန်ဖိုးကို နည်းနည်းတင်လည်း ကိစ္စမရှိပါဘူး။ အရန်ဆန်ရှိနေတဲ့အတွက် ဒီနေရာမှာ အသုံးချလို့ ရပါပြီ။ နောက် ၂ လဆိုရင်လည်းပဲ စပါးအသစ်တွေ ပေါ်တော့မှာဆိုတော့ လက်ရှိအရန်ဆန်ကို လှယ်လိုက်ခြင်းအားဖြင့် ပြည်သူတွေရဲ့ စိုးရိမ်စိတ်တွေကိုလည်း ထိန်းသိမ်းပေးရာရောက်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မိုးစပါး ရောင်းဈေးသည် ကျပ် ၉ သိန်းနှင့် ၁၀ သိန်းကျပ် ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိ ၂၀၂၃ ခုနှစ်တွင် ၁၇ သိန်း၊ ၁၈ သိန်း ဝန်းကျင် ပေါက်ဈေးရှိနေပြီး ယခင်က ၅၃၀၀၀၀(ငါးသိန်းသုံးသောင်း) ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့သည့် ဧည့်မထဆန်သည် လက်ရှိတွင် ၁၈ သိန်းကျပ် ဝန်းကျင်‌ ဖြစ်ပေါ်နေသည်။

လက်ရှိတွင် ပြည်တွင်းရှိ ဆန်၊ စပါးဈေးနှုန်းများ ကောင်းမွန်နေသော်လည်း စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့် သွင်းအားစုစရိတ်များ၊ ရိတ်သိမ်းခြွေလှေ့ခနှုန်းထားများ မြင့်တက်နေခြင်း ကြောင့် တောင်သူလယ်သမား အများစုသည် အကျိုးအမြတ် ရရှိမှု အနည်းငယ်သာ ရှိကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အရန်ဆန်များကို ထုတ်ရောင်းရာတွင် လက်ရှိအချိန်တွင် ထုတ်ရောင်းသင့် ကြောင်း၊ တောင်သူများ စပါးလှိုင်လှိုင်ပေါ်ချိန်တွင် အရန်ဆန်များကို ထုတ်ရောင်းမည်ဆိုပါက တောင်သူများ ရရှိသည့် စပါးဈေးနှုန်းများ ကျဆင်းသွားမည်ဖြစ်ပြီး အရှုံးနှင့် ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း တောင်သူ လယ်သမားများက သုံးသပ်သည်။