CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် တရုတ်နှင့် အိန္ဒိယနိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာ (Visa on arrival) ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းနိုင်ငံသား ခရီးသွားများအား ဆိုက်ရောက်ဗီဇာ စတင်ပေးမည့် အချိန်ကာလအတိအကျအား မသိရှိရသေး သော်လည်း လာမည့်ပွင့်လင်းရာသီ ခရီးသွားကာလတွင် စတင်နိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “ဒီဟာကတော့ အိမ်နီးချင်းနိုင်ငံတွေလည်းဖြစ်တယ်။ ကမ္ဘာမှာလည်း ပြည်ပကို ခရီးသွားလာမှု အများဆုံး တိုင်းပြည်တွေလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ နောက်ပြီးတော့ ကျနော်တို့နိုင်ငံကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေထဲမှာ လည်း အများဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဒီနိုင်ငံတွေကို ပေးဖို့စီစဉ်တာပါ။ လောလောဆယ် တော့ ကျနော်သိထားတာ အဲဒီနှစ်နိုင်ငံပဲ ကျန်တာတွေလည်း ဆက်လက်ပြီးတော့မှ ပေးမယ်ထင်ပါတယ်။ သူတို့ နည်းနည်းလေး ဒီသတင်းလေး စောစောစီးစီး ခွင့်ပြုမိန့်ရပြီးတော့မှ သူတို့ဆီမှာ marketing လုပ်နိုင်မယ်ဆိုရင် တော့ များလာနိုင်ပါတယ် ဒါပေမယ့် ဒီ visa on arrival က ကျနော်တို့ပေးလို့လည်းမရဘူးလေ။ နိုင်ငံခြားရေးတို့ လ.ဝ.က တို့ရဲ့ အစီအမံနဲ့ပဲ သွားရမှာလေ” ဟု ပြောသည်။

 Bagan မှာ တရုတ်ခရီးသွားကို တွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဆိုက်ရောက်ဗီဇာ (Visa on arrival) ပေးခဲ့ရာ၌ ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာ အတွင်း ရန်ကုန်လေဆိပ်မှ အိန္ဒိယနိုင်ငံသားခရီးသွားများ ၁၃,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထို့အတူ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်ခရီးသွား ဝင်ရောက်မှုသည် ၅၂၀,၀၀၀  ကျော် အထိ ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ဆိုက်ရောက်ဗီဇာ (Visa on arrival) ပေးရာတွင် ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသွား ရလဒ် အ‌ပေါ်မူတည်ကာ ဆက်လက် ဆောင်ရွက်ရန် သင့်/မသင့် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံခြား ခရီးသွားများကို လေဆိပ်မှာတွေ့ရစဉ်

၎င်းက “လောလောဆယ်တော့ အန်ကယ်တို့က လုံးလုံးကို လဲနေတဲ့လူဆိုတော့ ပြန်ထဖို့က အကူအညီလိုတာပေါ့။ အဲဒီ တော့ current situation အရကတော့ ဧည့်သည်ဝင်လာဖို့ကို first variety လုပ်ပြီးတော့ ဒီ plan တွေကို ချနေတာ။ ဒါကြောင့်မို့လို့ Visa on arrival တွေက ဒီအတိုင်းသွားတာ။ အဲဒီမှာမှ impact တွေကြည့်မှာပေါ့။ အဲဒါ တွေ ဖွင့်ပေးလိုက်ပြီးမှ positive, negative impact တွေကို ကြည့်ပြီးခါမှ ဒါတွေကို ဖြေးဖြေးချင်း တိုးချင်လည်း တိုးမယ်၊ လျှော့ချင်လည်း လျှော့မယ်။ အလုပ်ကတော့ စီးပွားရေးကတော့ ဒီအတိုင်းပဲ သွားကြရမှာပဲ။ နိုင်ငံတော် အနေနဲ့လည်း ဒီအတိုင်းပဲ လုပ်ရမယ်။ Visa on arrival ကို ထပ်ပြီးတော့ ဖွင့်ပေးဦးမလား ဒါမှမဟုတ်ရင် အခြေအ နေက negative impact တွေ များလာတယ်ဆိုရင် ဒါတွေကို ဖြေးဖြေးချင်း လျှော့သွားမလား။ ဒီလမ်းကြောင်းနဲ့ပဲ သွားကြမှာပဲ” ဟု ပြောသည်။

ထို့အပြင် ဆိုက်ရောက်ဗီဇာ (Visa on arrival) အား တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအပြင် ရုရှား၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံများလည်း ပါမည်ဟု ကြားသိရကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံက သိရသည်။

ထိုသို့ ဆိုက်ရောက်ဗီဇာ (Visa on arrival) ပေးမည်ဆိုပါက နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယခု ထက် ပိုမိုရှိလာနိုင်သဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ နိုင်ငံခြားသား ခရီးသွားများအပေါ် ကန့်သတ်ထားမှုအား ဖြေ လျှော့ ပေးစေချင်ကြောင်းလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ရှမ်းပြည်နယ်‌မြောက်ပိုင်းကိုတော့ သူတို့ လာခွင့်တော့ ‌ပေးလောက်မယ် မထင်ဘူး။ အနေအ ထား ကလည်း ပေးနိုင်တဲ့အနေအထား မရှိသေးဘူးလို့ သူတို့ သုံးသပ်ထားတယ်နဲ့ တူပါတယ်။ တကယ်လို့ Visa on arrival နဲ့ ခွင့်ပြုလို့လာမယ်ဆိုရင် ကျနော်ထင်တယ် ကျနော်တို့ ရှမ်းမြောက်တော့ မပါလောက်သေးဘူးလို့ ထင်ပါ တယ်။ လားရှိုးဆိုရင် နိုင်ငံခြားသား လာခွင့်ရှိတဲ့ မြို့ဖြစ်တယ်။ လေယာဉ်နဲ့လည်း ရောက်တယ်၊ ရထားနဲ့လည်း ရောက်တယ်ပေါ့။ အဓိကကတော့ လေယာဉ်ပေါ့။ လားရှိုးမြို့အထိတော့ ဖွင့်ပေးသင့်တယ်လို့တော့ ထင်မြင်ယူဆမိ တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားခရီးသည် အရေအတွက်သည် ၂၀၁၈ ခုနှစ်တွင် ၃.၅၅ သန်းခန့်၊ ၂၀၁၉ ခုနှစ်က ၄ ဒသမ ၅ သန်းကျော်၊ ၂၀၂၀ ခုနှစ်တွင် ၈၀၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ကိုဗစ်အလွန် ကာလ ၂၀၂၁ ခုနှစ်တွင် ၁၂၀,၀၀၀ ကျော်နှင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ၃၆၀,၀၀၀ ကျော်အထိ ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။