CNI International News

နယူးဒေလီ၊ မေ ၁၆

ယခုနှစ်အတွက် အိန္ဒိယနိုင်ငံတွင် စံချိန်တင်မြင့်မားသော အပူဒဏ်က မခံမရပ်နိုင်အောင် ဖိစီးနေကြောင်း၊ အဆောက်အဦအပြင်ဘက်တွင် လုပ်ကိုင်ရသော ဆင်းရဲနွမ်းပါးသည့် အလုပ်ကြမ်းသမားများမှာ ယင်းအပူဒဏ်ကို ခါးစည်းခံနေရကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

“ပူလွန်းလို့ အလုပ်မလုပ်ဘဲနေရင် ဘာနဲ့သွားစားမလဲ။ အပူပြင်းတာနဲ့ လူက ပင်ပန်းပြီး ရက်နည်းနည်းကြာအောင် အလုပ်မနိုင်တာနဲ့ ငုတ်တုတ်ထိုင်နေရတယ်” ဟု အိန္ဒိယနိုင်ငံ၏မြို့တော်၊ နယူးဒေလီ ဆင်ခြေဖုံးမှ ဆောက်လုပ် ရေးလုပ်သားတစ်ဦးဖြစ်သူ ယိုဂျန်ဒရာတူဒရီက ရင်ဖွင့်သည်။

နယူးဒေလီနှင့်အနီးတဝိုက်တွင် အပူချိန်မှာ ယခုနှစ်အတွင်း ၄၅ ဒီဂရီစင်တီဂရိတ် (၁၁၃ ဖာရင်ဟိုက်)အထိ မြင့်တက်လာခဲ့သဖြင့် ယိုဂျန်ဒရာတူဒရီနှင့်အတူတူ အလုပ်လုပ်နေသော ဇနီးသည် လက်တာမှာ မကြာခဏ ဖျားနာခဲ့ရ၍ ဝင်ငွေလျော့ပါးခဲ့ရကြောင်း ၎င်းက ပြောပြသည်။

နွေရာသီအစောပိုင်း အပူပြင်းထန်ခြင်းသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေပြီး အိန္ဒိယနှင့် အိမ်နီးချင်း ပါကစ္စတန်တို့တွင် လူ ၁ ဘီလီယံကျော်သည် လွန်ကဲလာသောအပူဒဏ်ကို တစ်နည်းမဟုတ်တစ်နည်း ကြုံတွေ့ ရကြောင်း သိပ္ပံပညာရှင်များ ပြောကြသည်။

အိန္ဒိယနိုင်ငံသည် နှစ်ပေါင်း ၁၀၀ အတွင်း အပူပြင်းဆုံး မတ်လကို ယခုနှစ်ဖြတ်သန်းခဲ့ရပြီး နိုင်ငံ၏ တချို့ဒေသများ၌ ပြီးခဲ့သည့်ဧပြီလတွင် အမြင့်ဆုံးအပူချိန် စံချိန်တင်ခဲ့သည်။

နယူးဒေလီအပါအဝင် နေရာအနှံ့အပြားတွင် အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့သည်။ မတ်လ နှောင်းပိုင်း ကတည်း အပူဒဏ်ကြောင့် သေဆုံးသည်ဟု ယူဆရသူ ဆယ်ဂဏန်းမျှ တွေ့ခဲ့ရသည်။

ပြင်းထန်သော အပူဒဏ်သက်ရောက်မှုမှ လျော့ပါးသက်သာစေဖို့ ပြည်နယ်အစိုးရအသီးသီးကို ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီက လိုအပ်သည့် ညွှန်ကြားချက်များ ပေးပို့ခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်ကြမ်းလုပ်ရသူများသည် လေးလံဝန်ထုပ်ဝန်ပိုးများ ထမ်းရင်း ဦးခေါင်း ပေါ်တွင် စုတ်ပြဲနေသော ပဝါများပတ်၍ နေပူရှိန် ကာကွယ်ကြရသည်။

ဖက်ဒရယ်အစိုးရထံမှ အချက်အလက်များအရ အပူဖိစီးမှုသည် ပြီးခဲ့သောနှစ်ပေါင်းနှစ်ဆယ်အတွင်း သဘာဝဘေး အန္တရာယ်တစ်ခုအနေဖြင့် မိုးကြိုးပစ်ခံရ၍ သေဆုံးမှု ပိုများလာစေသည့်အကြောင်းရင်းတစ်ရပ်လည်း ဖြစ်လာ ကြောင်း အိန္ဒိယ သိပ္ပံနှင့်သဘာဝဝန်းကျင်ဆိုင်ရာဌာနမှ မြို့ပြပတ်ဝန်းကျင်သုတေသီ အဗီကဲဆွမ်ဗန်ရှီက ပြောကြားခဲ့သည်။

“အဲဒီလို သေဆုံးမှုကို အသက် ၃၀ ကနေ ၄၅ နှစ်ကြားရှိတဲ့ အမျိုးသားတွေမှာ ဖြစ်တတ်တာ တွေ့ရပါတယ်” ဟု အဗီကဲဆွမ်ဗန်ရှီက ပြောကြားခဲ့သည်။

အိန္ဒိယတွင် အရှေ့အလယ်ပိုင်းနိုင်ငံအချို့နှင့်မတူညီဘဲ အပူချိန် အတိုင်းအတာတစ်ခုအထိ ကျော်လွန်လာချိန်၌ အဆောက်အဦပြင်ပ သွားလာလှုပ်ရှားခြင်းကို တားဆီးသည့် ဥပဒေမရှိကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

Source: Reuters