CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၆

စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် လက်ရှိ ရာသီဥတု အနေအထားသည် စိုက်ပျိုးရေး မလုပ်သင့်သေးသည့် အချိန်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက CNI သတင်းဌာနသို့ ပြောသည်။

အနောက်တောင် မုတ်သုံလေ ဝင်ရောက်သည့် အခြေအနေကြောင့် လက်ရှိတွင် မိုးရွာသွန်းမှု ရာသီဥတုမှာ မမှန်ကန်ကြောင်း ၎င်းက ပြောသည်။

ညွှန်ကြားရေးမှူး ဦးလှထွန်းက “မုတ်သုံဝင်စ ဖြစ်တဲ့အတွက် မိုးနည်းတာတွေ၊ များတာတွေရော မိုးမမှန်တာတွေ၊ လေထုမငြိမ်သက်မှုကြောင့် လေပြင်းတိုက်တာတွေ၊ တခါတလေကျ နေရာကွက်ပြီး မိုးကြီးတာတွေဆိုတော့ စိုက်ပျိုးရေး လုပ်ငန်းတွေ အနေနဲ့ကတော့ စိုက်ဖို့ပျိုးဖို့အချိန် သိပ်မရောက်သေးဘူးပေ့ါ။ ဘယ်လိုခေါ်မလဲ မိုးမမှန်သေးဘူး။ စိုက်ရင်းပျိုးရင်းနဲ့ မိုးနည်း နည်း ရပ်သွားမယ့် အနေထားမျိုး ရှိလာရင် မိုးရေလိုတာတွေ ရှိမယ်။ နောက် ဒီလိုကာလတွေမှာ ပင်လယ်ပြင်ထဲမှာ လေဖိ အားနည်း ရပ်ဝန်းတွေ၊ မုန်တိုင်းတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုတော့ ဒီအရှိန်ကြောင့်လည်း ခုနက ပြောသလို မိုးသည်းထန်စွာ ရွာတာတွေ ရှိနိုင်တဲ့ အတွက်ကြောင့်မို့လို့ စိုက်ပျိုးရေးတောင်သူတွေ အနေနဲ့ကတော့ မိုးလေဝသ သတင်းတွေ ဂရုတစိုက်လေး မျက်ခြေမပြတ်ဘဲနဲ့ စိုက်ရေးပျိုးရေး လုပ်ဆောင်ကြဖို့ လိုတာပေါ့နော်”ဟု CNI သတင်းဌာနသို့ ပြောသည်။

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းသို့ မေလ ၂၅ ရက်နေ့တွင် စတင် ဝင်ရောက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးရွာသွန်းမှုနဲ့လူထုဘ၀

မုတ်သုံဝင်ရောက်စ အချိန်တွင် ရာသီဥတုမှာ ဆိုးဝါးနိုင်ကြောင်း ညွှန်ကြားရေးမှူး ဦးလှထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးလှထွန်းက “မုတ်သုံအဝင်တွေ ဘာတွေကျ သူက ဝင်စကာလဆိုတော့လေ stable မဖြစ်သေးဘူးပေါ့၊ မငြိမ်သေးဘူးဆိုတဲ့ အခါကျတော့ လေပြင်းတိုက်တာတွေ၊ မိုးသည်းထန်စွာ ရွာတာတွေပေါ့။ ဒါတွေ ဖြစ်နိုင်တာပေါ့။ မုတ်သုံ အဝင်မှာတော့ လေထု မငြိမ်မသက်မှုပေါ့နော်။ ဝင်တော့ဝင်နေပြီ သို့သော် တစ်ခါတစ်ရံကျရင် သူက မိုးလွယ် ကာလတွေလို မဟုတ်ဘူး။ လေထု မငြိမ်မသက်မှုတွေ ဖြစ်တဲ့အခါကျတော့ ခုနကပြောတဲ့ မိုးသည်းထန်စွာ ရွာတယ်ဆိုတာ တခါတလေ အချိန်တို အတွင်းမှာ ‌နေရာကွက်ပြီးတော့ မိုးကြီးတာပေါ့။ တခါတလေ လေပြင်းတိုက်တဲ့ အနေထားပေါ့။ မိုးကြီးရင် ချောင်းတွေ မြောင်းတွေ လျှံတာတို့၊ ‌လေပါရင်တော့ သစ်ပင်သစ်ကိုင်းတွေ ပြိုတာ ကျိုးတာ လဲတာတွေတော့ ဖြစ်နိုင်တာပေါ့နော် ”ဟု ပြောသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ မုတ်သုံလေ ဝင်ရောက်သည့်အတွက် အခြားဒေသများတွင်လည်း မုတ်သုံဝင်ရောက်သည့် အင်အားပေါ် မူတည်ပြီး မိုးများခြင်း၊ မိုးနည်းခြင်းတို့ ကြုံတွေ့မည်ဖြစ်ကြောင်း သိရသည်။