CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းတို့၌ ဆုတ်ခွာသွားပြီဖြစ်သော်လည်း လက်ရှိတွင် မြစ်ဝကျွန်းပေါ်၌ ရပ်တန့်နေသဖြင့် မိုးရွာသွန်းမှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် လာမည့်ရက်များတွင်လည်း မြစ်ဝကျွန်းပေါ်ဒေသများ၌ မိုးရွာသွန်းမှု ပြတ်ဦးမည်မဟုတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“မုတ်သုံကအခု မြစ်ဝကျွန်းပေါ်နားမှာ တန့်နေတယ် တစ်နေတယ်။ အဲဒီလို ဆုတ်ခါနီးကြတော့ မြစ်ဝကျွန်းပေါ်နား မှာ မုတ်သုံဆုတ်ဖို့က နည်းနည်း‌နှောင့်နှေးနေတော့ အခုလိုမိုးရွာတာတွေ ကြုံတွေ့လာတာပေါ့ မိုးများတာပေါ့။ မြစ်ဝကျွန်းပေါ်လို့သတ်မှတ်တာ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ ဒါကိုမြစ်ဝကျွန်းပေါ်ဒေသလို့ သတ်မှတ်တယ်။ တောင်ပိုင်းက မွန်၊ ကရင်၊ တနင်္သာရီပေါ့လေ။ အဲဒီနေရာတွေမှာက မုတ်သုံမဆုတ်တဲ့အခါကြတော့ မိုးရွာသွန်းမှု တွေက မုတ်သုံအဆုတ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လေထုမငြိမ်မသက်မှုတွေကြောင့် များတယ်။ မိုးကတော့ ပြောရ ရင် မုတ်သုံအဆုတ်က အခု အဲဒီနေရာလေးမှာတင် တစ်နေတဲ့အခါကြတော့ ပဲခူးက နောက်တစ်ရက် နှစ်ရက် တော့ မိုးကတော့ရွာဦးမယ်။ သို့သော် အများကြီးရွာမယ့် အရင်ပြီးခဲ့တဲ့ရက်တွေတုန်းကရွာတဲ့ မိုးရေချိန်ပမာဏ လောက်တော့ မရနိုင်ဘူးပေါ့။ ရွာတာက ရွာနေဦးမှာပဲ။ အဓိကကတော့ အချိန်တိုအတွင်း ရက်တိုတိုအတွင်း မိုးရွာသွန်းမှုပမာဏတွေ များတဲ့အခါမျိုးကြရင် ရေကြီးရေလျှံမှုတွေ ကြုံတွေ့လာနိုင်တယ်။ မုတ်သုံအဆုတ် လေထုမငြိမ်မသက်ဖြစ်မှုများတဲ့ ကာလတွေက အဲဒီမိုးကြိုးပစ်တာတွေ၊ ရက်တိုတိုအတွင်း မိုးသည်းထန်စွာ ရွာတဲ့ အနေအထားမျိုးလေးတွေ” ဟု ၎င်းက ပြောသည်။

ပဲခူးမြို့တွင်း ရေကြီးရေနစ်မြှုပ်မှု အခြေအနေ

ထို့အပြင် မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မုတ်သုံလေဆုတ်ခွာသွားပြီးဖြစ်သော်လည်း အခြား အကြောင်းအရာများကြောင့် မိုးအများအပြားရွာရန်ရှိကြောင်း၊ ထိုသို့ရွာသည့်အခါတွင် ပုံမှန်မိုးရွာသကဲ့သို့ မဟုတ်ဘဲ တစ်ခါတစ်ရံ နေရာကွက်ကြားရွာခြင်းမျိုးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မြစ်ဝကျွန်းပေါ်၌ မုတ်သုံလေဆုတ်ခွာမှု တန့်နေသည့်အတွက် ပဲခူးတိုင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး စံချိန်တင်ရေနစ်မြှုပ်မှုကြောင့် ကယ်ဆယ်ရေးစခန်း ၃၆ ခု၌ အိမ်ထောင်စု ၃၄၆၅ စုရှိပြီး ရေဘေးသင့်ပြည်သူ တစ်သောင်း လေးထောင်ကျော် ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် လှည်းကူးမြို့၌လည်း ရေနစ်မြှုပ်မှုများဖြစ်ပေါ်နေပြီဖြစ်ကြောင်း သွားရောက်ကူညီကယ်ဆယ်ပေးနေသည့် ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

ကူညီကယ်ဆယ်ရေးသမားများမှ ကူညီပို့ဆောင်ပေးနေစဉ်

“လှည်းကူးမှာ မနေ့က ပဲခူးကပြန်တဲ့အချိန် ရေအဲဒီလောက်မရှိဘူး။ အခုလှည်းကူးမြို့အဝင်နဲ့ လှည်းကူးဈေးနဲ့ ကြားထဲမှာတော့ ရေတက်နေတယ်။ ဒီဘက်က ရပ်ကွက်တွေ ကျွန်းကလေးတို့ အဲဒီလိုနေရာတွေမှာတော့ ရေလွှမ်းမိုးမှုတွေဖြစ်နေတယ်။ အခုကျနော်တို့ သက်ကြီးရွယ်အိုတွေကိုတော့ ကယ်ထုတ်တာတွေ လုပ်နေပါပြီ။ ရေတက်တာကတော့ ပမာဏများတယ်ပဲ ပြောရမှာပေါ့။ ခါးလယ်လောက်တော့ရှိပါတယ်။ ခါးလယ် တချို့ နေရာတွေမှာ ကျော်တယ်။ အခုကျနော်တို့တစ်သင်းထဲမဟုတ်ဘူး။ ကြက်ခြေနီတို့၊ မီးသတ်တို့ အခြား လူမှုရေးအဖွဲ့အစည်းတွေလည်း ပြောင်းတာရွှေ့တာတွေ လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

မုတ်သုံ၏ သဘောတရားအရ အဝင်နှင့် ဆုတ်ခွာသည့်အခါများတွင် လေထုမငြိမ်မသက်မှုများကြောင့် မိုးရွာသွန်းမှု ကြမ်းခြင်းများ ကြုံတွေ့ရကြောင်း၊ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့ခန့်တွင် မုတ်သုံဆုတ်ခွာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

မြန်မာနိုင်ငံမှ မုတ်သုံဆုတ်ခွာသွားပြီးပါကလည်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်း များ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း၊ တောင်တရုတ်ပင်လယ်ဘက်မှ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ ရွေ့လာ ခြင်းမျိုး ရှိသဖြင့် မုတ်သုံဆုတ်သွားသော်လည်း မိုးရွာသွန်းမှုပြတ်မည့်အနေအထား မရှိကြောင်းလည်း သိရသည်။