CNI News

၂၀၂၂ခုနှစ်၊ မတ်လ ၂၀

မြန်မာနိုင်ငံရှိ ကိုကိုးကျွန်း၊ ဟိုင်းကြီးကျွန်းနှင့် ရခိုင်ကမ်းရိုးတန်းသို့ မုန်တိုင်းငယ် ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(မတ်လ ၂၀ ရက်)မှာ ထုတ်ပြန်ထားသည်။

အားကောင်း‌သော လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ရောက်ရှိပြီး မတ်လ ၂၁ ရက် နံနက်ပိုင်းတွင် ကိုကိုးကျွန်းအနီးသို့ လည်းကောင်း၊ ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့ လည်းကောင်း၊ ၂၂ ရက် နေ့တွင် ရခိုင်ကမ်းရိုးတန်းသို့လည်းကောင်း ရောက်ရှိနိုင်သည်။

ထို့အပြင် ညပိုင်းခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ မွန်ပြည်နယ်တွင် နေရာစိပ်စိပ်၊ ကရင် ပြည်နယ်တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန် ရာနှုန်း(၈၀) ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်းလည်း သိရသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်းလည်း မိုးဇလမှ သိရသည်။

ယနေ့(မတ်လ ၂၀ ရက်) တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို အားကောင်းသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ နောက်(၁၂)နာရီအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းတို့အနီးတွင် မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း နောက် (၃၆)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့လည်းကောင်း အားကောင်းလာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်မှ သိရသည်။