CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ရှိ မီဇိုရမ်တက္ကသိုလ်(MZU)တွင် နိုင်ငံခြားသား ကျောင်းသူ၊ ကျောင်းသားများအတွက် မြန်မာဘာသာကို အောက်တိုဘာလတွင် စတင်သင်ကြားမည်ဖြစ်ကြောင်း ချင်းရေးရာ အဖွဲ့ချုပ်(ICA)မှ ဒေါက်တာမယ်ရီက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ မီဇိုရမ်တက္ကသိုလ်တွင် မြန်မာအက္ခရာ ၊ ဝေါဟာရ ၊ သဒ္ဒါဖွဲ့စည်းပုံ ၊ စကားပြောနှင့် စကားပြေ အရေး အသားတို့အား လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သင်ကြားခြင်းသည် ချင်းရေးရာအဖွဲ့ချုပ်(ICA)နှင့် မီဇိုရမ်တက္ကသိုလ်(MZU)တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပထမဆုံး စတင်သင်ကြားမည်ဖြစ်ကြောင်း၊ ဘာသာရပ် သင်ကြားပေးမည့် ဆရာမမှာ ဒေါက်တာအဲလစ် ဖြစ် ကြောင်း ICA မှ ဒေါက်တာမယ်ရီက CNI သတင်းဌာနသို့ ပြောသည်။

မီဇိုရမ်ပြည်နယ်အတွင်းက မြန်မာ ဒုက္ခသည်များကိုတွေ့ရစဉ် (GETTY IMAGES)

၎င်းက “ကျမတို့ ICA ကနေပဲ MIZORAM University ကို Propose လုပ်တာပေါ့။ ကျမတို့ မြန်မာ ဘက်က research center ပုံစံမျိုးကို MIZORAM University မှာ ဖွင့်ချင်တယ်ပေါ့။ ဒီတက္ကသိုလ်ဘက်ကနေ ညီမ တို့ကို ကမ်းလှမ်းတာကျတော့ မြန်မာဘာသာစကားကို တက္ကသိုလ်မှာ သင်ကြားပေးနိုင်မလားပေါ့။ သူတို့ဒီမှာ တခြား သော ဘာသာစကား language တွေကိုလည်း သင်နေတာ ရှိတယ်ပေါ့။ သင်ပေးနိုင်မလားဆိုတော့ ကျမတို့က သင်ပေးနိုင်တယ်ပေါ့။ အဲဒါကနေ ကျမတို့ မြန်မာစာ သင်တန်းကို ဖွင့်ဖြစ်သွားတဲ့ သဘောပါ။ ကျောင်းသားတွေ ထဲမှာ မြန်မာနိုင်ငံသား ရှိလားဆိုတာတော့ ကျမမသိဘူး။ ဒါပေမယ့် အဓိကက ဒီမြန်မာဘာသာစကား ဖွင့်တယ် ဆို တာက Foreigner တွေအတွက် ရည်ရွယ်ထားတာ။ Foreigner ဆိုတဲ့အထဲမှာ အိန္ဒိယနိုင်ငံသားတွေပေါ့နော်။ သူတို့အတွက်က သီးသန့်ဖွင့်လိုက်တဲ့ သဘောပါ” ဟု ပြောသည်။
ထိုမီဇိုရမ်တက္ကသိုလ်သည် မီဇိုရမ်ပြည်နယ် အစိုးရမှ ဖွင့်လှစ်ထားသော တက္ကသိုလ်တစ်ခုဖြစ်ပြီး မြန်မာဘာသာ အား တာဝန်ခံ၍ သင်ကြားပေးမည့် ဆရာမ ဒေါက်တာအဲလစ်သည် မြန်မာစာဘာသာရပ်ဖြင့် Ph.D ဘွဲ့ ရရှိထား သူဖြစ်ကြောင်း သိရသည်။

ထို မြန်မာဘာသာစကားအား သင်ကြားရန်အတွက် Semester နှစ်ခု သတ်မှတ်ထားကာ သင်ကြားမည့်ကာလမှာ ၁၀ လ ကြာမြင့်မည်ဖြစ်ကြောင်း သင်ကြားပေးမည့် ဆရာမ ဒေါက်တာအဲလစ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “Diploma courses ပဲပေါ့ရှင့်။ Diploma courses တစ်ခု ၅ လ၊ ၅ လ ပေါ့၊ first semester ၅ လ။ second semester ၅ လပေါ့။ အပြောပေါ့နော်။ အရေးနဲ့ အဆင်ပြေမယ်ဆိုလည်း နည်းနည်းထည့်မယ်။ သင်ယူတဲ့လူ အခြေအနေပေါ် ကြည့်ပြီးတော့ပေါ့။ ဌာနအနေနဲ့ မဟုတ်တော့လေ။ အခုမှ စပြီးတော့မှ ဒီတက္ကသိုလ်နဲ့ ချိတ်ဆက် ပြီးတော့ လုပ်တာဆိုတော့ ကျမကို အလုပ်ခန့် လိုက်တယ်ပေါ့။ အဲဒီတော့ တစ်ယောက်ပဲရှိမယ်။ နောက်တက် မယ့် ဦးရေလည်း မသိရသေးဘူးပေါ့နော်။ အဲဒီကျောင်းမှာတက်တဲ့ ကျောင်းသူ/ကျောင်းသားတွေကို အဓိက ရည်ရွယ်တယ်ပေါ့။ ဒါပေမယ့် အပြင်ကနေ တက်မယ်ဆိုရင်လည်း ရတယ်။ Partner Ship လုပ်ထားတဲ့ အဖွဲ့လေး ရှိတယ်။ သူတို့ရဲ့ သင်ရိုးလေးကို ယူပြီးတော့မှ သင်ပေးဖို့ အဲဒီလိုလေးတွေ လုပ်ထားတယ်။ သီးသန့်ကြတော့ သူက မေဂျာအနေနဲ့လည်း မရှိထားတဲ့ အခါမှာလေ ဘယ်လိုစပြီး သင်ရမလဲဆိုတာ နည်းနည်းလေး အခက်တွေ့တာနဲ့ လေ။ အဲဒါ MLT လို့ခေါ်တယ်ရှင့် သူတို့ရဲ့ စာအုပ်ကို သုံးဖို့ လုပ်ထားတယ်” ဟု ပြောသည်။

သင်တန်းကြေးအဖြစ် အိန္ဒိယရူပီး ၁၀၀၀ (မြန်မာငွေ ၃၅၀၀၀ ကျပ်) သတ်မှတ်ထားကြောင်း၊ သင်တန်းတစ်ခုလုံး အတွက် သင်ကြားရေး ထောက်ကူပစ္စည်းများဖြစ်သော ဖတ်စာအုပ်အပြင် အခြားအရာများအတွက် ကုန်ကျစရိတ် ရူပီး ၁၂၀၀ (မြန်မာငွေ ၄၂၀၀၀ ကျပ်) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီအရေးတောင်းဆိုကြသူများ (ဖရွန်းတီးယားမြန်မာ)

အဆိုပါ မီဇိုရမ်တက္ကသိုလ်တွင် တခြားနိုင်ငံမှ ဘာသာစကားများလည်း သင်ပေးနေလျက်ရှိပြီး ယခုကဲ့သို့ မြန်မာ ဘာသာ စကားအား သင်ကြားခွင့်ရသဖြင့် ဂုဏ်ယူကြောင်း ICA မှ ဒေါက်တာမယ်ရီက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ကိုယ့်မြန်မာနိုင်ငံရဲ့ official language တစ်ခုကို တခြားနိုင်ငံတစ်ခုမှာ ဒီလိုမျိုး ဖွင့်လှစ်နိုင်တယ်ဆိုတာ အရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စရပ်ပေါ့။ ပြီးတော့မှ နောက်ပိုင်းကျတော့လည်း အိမ်နီးနားချင်းဆိုတော့ စီးပွားရေးပိုင်းမှာ ဆက်သွယ်မှုတွေလည်း ရှိနေတယ်ပေါ့။ အဲဒီတော့ ကျမတို့ နိုင်ငံတစ်ခုနဲ့ တစ်ခု ပိုပြီးတော့မှ နားလည်စေချင်တယ်။ ဒီ language က အရေးကြီးတယ်။ ခြုံပြီးပြောရရင် ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့ ဖြစ်ရပ် ပါ”ဟု ပြောသည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း မိုင် ၃၀၀ ကျော် ထိစပ်နေသော ပြည်နယ်ဖြစ်ပြီး မြန်မာ့တပ် မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံက လွှတ်တော်အမတ်များ အပါအဝင် ဒုက္ခသည် ငါးသောင်းခန့် ခိုလှုံနေကြောင်း ဒေသတွင်း သတင်း ဌာနများနှင့် မြန်မာနိုင်ငံဘက်က အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။

ထို့နောက် မြန်မာဒုက္ခသည် သုံးသောင်းကျော်သည် ပြီးခဲ့သည့် မေလကုန်ပိုင်းက ပြည်နယ်အစိုးရမှ ထုတ်ပေးသည့် နေထိုင်ခွင့် အသိအမှတ်ပြု မှတ်ပုံတင်များ ရရှိထားကြောင်း သိရသည်။