CNI International News

ဘေဂျင်း၊ဇွန်လ ၂၄

နိုင်ငံရေးနှင့်စစ်ရေးအင်အား(power)ကို ဆက်ထိန်းထားရန် နိုင်ငံအချို့၏ တဖက်သတ်ဒဏ်ခတ်ပိတ်ဆို့ အရေးယူခြင်းနှင့် ကြိုးပမ်းနေခြင်းတို့ကို ကမ္ဘာက ရှုတ်ချသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြား ခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

ယူကရိန်းစစ်ပွဲကို ဆန့်ကျင်သောအားဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများ၏လုပ်ရပ်အပေါ် ရှီကျင့်ဖျင်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၃ ရက်၌ BRICS (ဘရစ်ခ်စ်) ဟု အတိုကောက်ခေါ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကခေါင်းဆောင်များ၏ အွန်လိုင်းမှတစ်ဆင့်ကျင်းပသည့်အစည်းအဝေးတွင် ရှီကျင့်ဖျင်က အထက်ပါ သဘောထားမှတ်ချက်ကို ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲတွင် ရုရှားအပေါ် တရုတ်က တိတ်တဆိတ်ကျောထောက်နောက်ခံပြုပေးခဲ့ပြီး အမေရိကန် ဦးဆောင်သော လစ်ဘရယ်ဒီမိုကရေစီစနစ်ကို ဆန့်ကျင်လျက် နိုင်ငံတကာမဟာမိတ်ဖွဲ့ရေးတို့သည် ရှီ၏ သဘောထားချက်ထဲတွင် ထင်ဟပ်လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် စစ်အေးတိုက်ပွဲစိတ်ဓာတ်နှင့် အစုအဖွဲ့ဖြင့် ထိပ်တိုက်ရင်ဆိုင်မှုကို ငြင်းပယ်ကြရန်၊ တဖက်သတ်ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆန့်ကျင်သွားရန်နှင့် ပိတ်ဆို့အရေးယူ၍ အလွဲသုံးစားလုပ်ခြင်းကို ရှုတ်ချကြရန် ရှီကျင့်ဖျင်က တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

 

လူသားမျိုးနွယ်အတွက် တူညီသောအနာဂတ်ရှိသည့် အသိုက်အဝန်းတစ်ခုနှင့် ဆက်စပ်မိသားစုကြီးတစ်စု ထူထောင်ခြင်းဖြင့် တစ်ဦးတည်းသော မင်းဧကရာဇ်ဝါဒကို ဝန်းရံပေးသည့် ပုံစံများ ဖယ်ရှားကြရန် ၎င်းက တောင်းဆိုခဲ့သည်။

“အားယူခါစ ဈေးကွက်တွေနဲ့ အဓိကဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေအနေနဲ့ သမိုင်းဆိုင်ရာတိုးတက်ဖို့ အခုလို အရေးကြီးတဲ့အကူးအပြောင်းမှာ ကမ္ဘာအတွက် ကျနော်တို့တတွေဟာ မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ တာဝန်ယူမှုရှိတဲ့လုပ်ရပ်တွေကို လုပ်ဆောင်သွားကြဖို့ အဓိကကျပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

အဆိုပါ BRICS(ဘရစ်ခ်စ်) အစည်းအဝေးသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအမြင်၊ တရုတ်နှင့်အိန္ဒိယအကြား နိုင်ငံရေးအရ ကွဲလွဲမှုများ ကြီးထွားလာခြင်းအပေါ် စိုးရိမ်မှုတိုးနေချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

နှစ်ရက်ကြာ ဆွေးနွေးမှုအစီအစဉ်များကို သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ယူကရိန်းအရေးမှာ ယင်း အစည်းအဝေး၏နောက်ခံအခင်းအကျင်းအဖြစ် ကြီးကြီးမားမား ပါဝင်နိုင်ဖွယ်ရှိနေသည်။

တချိန်တည်းမှာပင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ကမ္ဘာ့စီးပွားရေးအကျပ်အတည်းအတွက် နိုင်ငံအချို့၏ တွေးခေါ်မြော်မြင်မှု ကင်းမဲ့ပြီး တကိုယ်ကောင်းဆန်သော လုပ်ရပ်ကို အပြစ်တင်ခဲ့သည်။ ရိုးသားပြီး အပြန်အလှန် အကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်မှသာ ယခုအကျပ်အတည်းမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံများသည် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံရေး၏ အမှန်တကယ် ဗဟုဝင်ရိုးစီးပွားရေးစနစ် (multipolar system) ကို ဦးတည်လုပ်ဆောင်နေခြင်းဖြင့် မိမိတို့အဖွဲ့၏ ကမ္ဘာတဝန်း ဩဇာလွှမ်းမိုးမှုမှာ တဖြည်းဖြည်း တိုးလာနေကြောင်း ပူတင်က ဆက်လက်ပြောကြား ခဲ့သည်။

Source: Aljazeera