CNI International News

ဘဲလ်ဖတ်စ်၊ ဧပြီ ၁၉

မြောက်အိုင်ယာလန်၏ ပင်မနိုင်ငံရေးပါတီ တစ်ခုအနေဖြင့် ၎င်းတို့၏ သပိတ်မှောက်မှုကို မကြာမီအချိန်တွင် အဆုံးသတ်သွားမည်ဟု ယုံကြည်မှုရှိကြောင်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် (Bill Clinton)က အင်္ဂါနေ့တွင် ပြောခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ထိုသပိတ်မှောက်မှုကြောင့် ဒေသတွင်း အစိုးရသည် နိုင်ငံရေး အကျပ်အတည်းအတွင်းသို့ တစ်နှစ်ကျော်ကြာ ရောက်ရှိခဲ့ပြီးလည်း ဖြစ်သည်။

Democratic Unionist ပါတီခေါင်းဆောင် ဂျက်ဖရီ ဒေါ်နယ်ဆန် (Jeffery Donaldson) နှင့် တနင်္လာနေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲအပြီးတွင် ယခင်ကထက် ပို၍ ယုံကြည်မှု ခိုင်မာလာခဲ့ကြောင်း ကလင်တန် က ပြောသည်။

ကလင်တန်သည် ဆယ်စုနှစ်ချီကြာ သွေးထွက်သံယိုမှုများကို အဆုံးသတ် သွားစေခဲ့သည့် Good Friday သဘော တူချက် ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဘဲလ်ဖတ်စ် (Belfast) မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ဘီလ်ကလင်တန်နဲ့ မြောက်အိုင်ယာလန်က ခေါင်းဆောင်များကိုတွေ့ရစဉ်

ထိုသဘောတူချက်သည် ဗြိတိန်တွင် ဆက်နေလိုသူများနှင့် မြောက်အိုင်ယာလန် မျိုးချစ်ပါတီများကြား အာဏာ ခွဲဝေမှု ဖြစ်စေခြင်းဖြင့် မြောက်အိုင်ယာလန်တွင် အစိုးရတစ်ရပ် ပေါ်ပေါက်လာစေခဲ့သည်။

သို့သော် DUP ပါတီသည် မြောက်အိုင်ယာလန်နှင့် ကျန်ဗြိတိန် အစိတ်အပိုင်းတို့အကြား နယ်စပ် အခွန်ကောက်ယူ ရန် သတ်မှတ်ခဲ့သည့် Brexit နှောင်းပိုင်း ကုန်သွယ်ရေး သတ်မှတ်ချက်များကြောင့် ပြီးခဲ့သည့် တစ်နှစ်ကျော်ကြာ ကာလအတွင်း အစိုးရအဖွဲ့တွင်းမှ ထွက်ခွာသွားခဲ့သည်။

ဗြိတိန်နှင့် အီးယူတို့အကြား နယ်စပ် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းရန် ဖေဖော်ဝါရီလတွင် သဘောတူညီမှု ရရှိခဲ့ သော်လည်း DUP ဘက်မှ အစိုးရဖွဲ့တွင်းသို့ ပြန်လည် ဝင်ရောက်ရန် ငြင်းဆိုထားသည်။

Windsor Framework ဟု ထင်ရှားသည့် သဘောတူညီချက်သည် နိုင်ငံရေးအရ ချောင်ပိတ်နေမှုကို ဖြေရှင်းရန် များစွာ အလုပ်ဖြစ်ခဲ့သည်ဟု ကလင်တန်က ပြောသည်။

မကြာမီ အချိန်ကာလအတွင်း အစိုးရတစ်ရပ် ပြန်လည်ဖွဲ့စည်းရန် အတားအဆီးများကို ဖယ်ရှားနိုင်မည်ဟု မျှော် လင့်ကြောင်း၊ ယခုအတိုင်း ဆက်နေလျှင် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အခြေအနေများအရ ပိုမို ဆိုးရွား လာမည်ဆိုသည်ကို အားလုံးက သိရှိထားကြောင်း ကလင်တန်က BBC သတင်းကို ပြောသည်။

မြောက်အိုင်ယာလန်က နိုင်ငံရေးသမားများကိုတွေ့ရစဉ်

ဗြိတိန်၏ မြောက်အိုင်ယာလန် ရေးရာဝန်ကြီးဖြစ်သူ ခရစ်ဟီတန်-ဟားရစ် (Chris Heaton-Harris) ကလည်း DUP အား အစိုးရအဖွဲ့အတွင်းသို့ ပြန်လည် ဝင်ရောက်လာရန် တိုက်တွန်းသည်။

ယခုကဲ့သို့ နိုင်ငံရေး အကျပ်အတည်းကြောင့် မြောက်အိုင်ယာလန် အစိုးရဝန်ထမ်းများ အနေဖြင့် ဦးဆောင်သူ ကင်းမဲ့နေသော အစိုးရအဖြစ် တာဝန်ထမ်းဆောင်နေရကာ နိုင်ငံတွင်း၌ လူနေမှု ကုန်ကျစရိတ်နှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပြဿနာများ ရှိနေချိန်တွင် အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ပေးမည့် နိုင်ငံရေးသမား မရှိသည့် အခြေအနေကို ဖြစ်စေသည်။

ထိုအခြေအနေအပေါ် မြောက်အိုင်ယာလန် လွှတ်တော်အတွင်းရှိ တခြားသော နိုင်ငံရေးပါတီများက ဒေါသဖြစ် ကြောင်း ထုတ်ဖော် ပြသခဲ့သော်လည်း ပါတီအနေဖြင့် လွယ်လင့်တကူ အလျှော့ပေးသွားမည် မဟုတ်ကြောင်း DUP ပါတီခေါင်းဆောင် ဒေါ်နယ်ဆန်က အင်္ဂါနေ့တွင် ပြောခဲ့သည်။

DUP ပါတီအား အပြင်းအထန် ဖိအားပေးခြင်းဖြင့် မမျှော်လင့်ထားသော ရလဒ်ကို ထွက်ပေါ်လာစေမည်ဟုလည်း Ulster Unionist ပါတီခေါင်းဆောင် ဒေါက်ဘိတီ (Doug Beattie) က သတိပေးထားသည်။

Source: AP