CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈

နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုံခြုံရေးအပြည့်အဝ ရရှိရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင်ဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်နိုင်ငံမှာ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(SCO)၏ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ်ကို တက်ရောက်နေပြီး ဇူလိုင် ၇ ရက်နေ့ ညနေ ၅ နာရီမှာတော့ တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ တွေ့ဆုံစဉ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် သက်ဆိုင်ရာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုံခြုံရေးအပြည့် အဝ ရရှိရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်း လောင်းကစားများ ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ဆွေး နွေးခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့က ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့မစ္စရှန်ယွဲ့ယွဲ့ တွေ့ဆုံဆွေးနွေးစဉ်

ထို့နောက် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖော်ဆောင်ရေး၊ နစက အနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကြိုးပမ်း ဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအနှံ့အပြားတွင် အတိုက်အခံ အင်အားစုများနှင့် မြန်မာ့တပ်မတော်ကြား လက်နက်ကိုင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ ထိုတိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသလို စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများ အကောင်အထည်ဖော်မှုများလည်း ရပ်တန့်နေသည်။

သို့သော် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော်(BNRA)တို့က တရုတ်နိုင်ငံ စီမံကိန်းများနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်အောင်လုပ်သည့် မည်သည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကို မဆို အကြမ်းဖက်အဖြစ် သတ်မှတ်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန် ထားကြသည်။

တရုတ်သည် မြန်မာနိုင်ငံအတွင်းမှာ ရေနံ၊ ဂတ်စ်၊ သစ်ထုတ်လုပ်ခြင်း၊ ရွှေတူးဖော်ခြင်း၊ ကြေးနီထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းလုပ်ငန်း အပါအဝင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပေါင်းစုံရှိသည်။