CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)သည် မြန်မာကို အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ရန် မဖြစ်နိုင် ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံအနေဖြင့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်သည့်အခါ အားလုံးက သဘောတူသည့် ဆုံးဖြတ်ချက်ဖြစ်ရန် လိုအပ်ကြောင်း၊ ထုတ်ပယ်သည့် ပြစ်ဒဏ်ချမှတ်ရန် မလွယ်ကူကြောင်း ၎င်းက ပြောသည်။

ဦးရဲထွန်းက “အာဆီယံရဲ့ ပဋိညာဉ်မှာက ဆုံးဖြတ်ချက်တစ်ခု ချဖို့ဆိုရင် အားလုံးက သဘောတူတဲ့ ဆုံးဖြတ်ချက် ဖြစ်ဖို့လိုတယ်၊ အဲဒီတော့ အခု အာဆီယံအတွင်းက အဖွဲ့ဝင်တွေရဲ့ သဘောထားက မြန်မာအပေါ် သဘောထားက တော်တော်လေး ကွဲပြားနေတာပေါ့နော်၊ ထုတ်ပစ်မယ်ဆိုတဲ့ ပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်ချက်က အားလုံး သဘောတူ ညီချက်နဲ့ ချဖို့ မလွယ်ဘူး။ နောက်တစ်ခုက အာဆီယံရဲ့ ပဋိညာဉ်မှာက အားလုံးသဘောတူပြီးမှ ဆုံးဖြတ်ချက် ချနိုင်သလို ပြည်တွင်းရေးကို အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရဘူး။ နောက်တစ်ခါ ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာ မလုပ်ရဘူးဆိုတဲ့ ပြဋ္ဌာန်းချက်ကလည်း ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်မျိုး ဖြစ်လာဖို့ကတော့ မလွယ်ဘူးလို့ ထင်တယ်၊ မဖြစ်နိုင်ဘူးလို့ ထင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်ထိုင်ခုံအလွတ်ကိုတွေ့ရစဉ်(Reuters)

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်က ကျင်းပခဲ့သည့် အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာ နိုင်ငံကို အာဆီယံအဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ရန် နိုင်ငံတချို့က အဆိုပြုခဲ့ကြောင်း၊ ထိုအဆိုပြုမှုအပေါ် အငြင်း ပွားဖွယ် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန် အစီအစဉ် မဖြစ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီအထိတော့ ဖြစ်မှာ မဟုတ်ဘူးဗျ။ အာဆီယံဆိုတာ အစကလည်း ဘာမှမဟုတ်ဘူး။ ဟန်ဆောင် ပန်ဆောင်ပဲ လုပ်နေကြတာလေ။ အဲဒီလောက်အထိ လုပ်ဖို့ အစီအစဉ်မရှိပါဘူး။ စည်းမျဉ်းမှာလည်း မပါဘူး။ သူတို့ နောက်ထပ် စည်းမျဉ်းထပ်ထည့်ရင်တော့ လုပ်လို့ရပြီပေါ့။ တကယ်ကို ထုတ်ပစ်သင့်တယ်လို့ တကယ်ယူဆလို့ တကယ် တင်တာပါ။ စည်းမျဉ်းတွေနဲ့ ထောက်ထားရမယ့် နိုင်ငံရေးအကြောင်းတွေလည်း ရှိနေတယ်လေ။ အကြောင်းတွေကြောင့်မို့ မလုပ်ဘဲနေတာပါ” ဟု ပြောသည်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံအား မျှော်လင့်၍ မရကြောင်း၊ အာဆီယံအဖွဲ့အတွင်း တရုတ်လိုလားသည့် နိုင်ငံများ၊ အမေရိကန်လိုလားသည့် နိုင်ငံများ စသဖြင့် ကွဲပြားမှုရှိနေကြောင်း ဦးကြီးမြင့်က ပြောသည်။

အာဆီယံ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကျင်းပစဉ် 

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးမှ သဘောတူညီချက်များကို မြန်မာနိုင်ငံ ကိုယ်စားလှယ်အား တက်ရောက်ခွင့် မပြု ခဲ့ခြင်းကြောင့် လိုက်ပါ ဆောင်ရွက်မည် မဟုတ်ကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဦးရဲထွန်းက “နစကကို အကြံပေးနေတဲ့ တချို့ကလည်း ဒီလို နစက-က အဖွဲ့ဝင်ဖြစ်ရဲ့သားနဲ့ နစက ထိပ်သီး ခေါင်းဆောင်ကို အာဆီယံအသင်းရဲ့ ထိပ်သီးအစည်းအဝေးမှာ တက်ခွင့်မရတာ အခု နိုင်ငံခြားရေးဝန်ကြီးကိုပါ တက်ခွင့် မပေးတော့တာတွေကြောင့် ဒါစော်ကားခံနေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ထွက်လိုက်ဖို့ဆိုပြီး အကြံ ပေးတာမျိုးတွေလည်း ရှိတယ်၊ ဒါပေမဲ့လို့ အာဆီယံအသင်းက ပြည်သူလူထုမဲနဲ့ တက်လာတဲ့ နောင်အစိုးရတွေ လက်ထက်ကြလို့ရှိရင်လည်း တစ်ခါပြန်ပြီးတော့ အသင်းဝင် ပြန်လျှောက်ရမှာဆိုတဲ့ အခါကြတော့ တစ်ခါပြန် ပြီးတော့ အခက်အခဲ ရှိနိုင်တာပေါ့နော်၊ ဒါကြောင့်မို့လို့ ရေရှည်အတွက် စဉ်းစားမယ်ဆိုလို့ရှိရင်တော့ ကိုယ်ဟာကို နုတ်ထွက်တယ်ဆိုတဲ့ ဟာမျိုးကတော့ မလုပ်တာကောင်းတယ်၊ လုပ်လိုက်လို့ရှိရင်တော့ ကိုယ်က အထီးကျန် ဖြစ်သွားနိုင်တာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံအသင်းထဲမှာကိုက နစကကို ထောက်ခံတဲ့ နိုင်ငံတွေ လည်း ရှိနေတာကိုး။ ဒါကြောင့်မို့လို့ နစက အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်၊ အမျှော်အမြင်ရှိရှိ စဉ်းစားမယ်ဆိုလို့ ရှိရင်တော့ သူ့ဖာသာသူ နုတ်ထွက်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ယူဆရတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် အာဆီယံ သဘောတူညီချက် ၅ ချက်ကို နစက-က အကောင်အထည် ဖော်ပေးနိုင်မှု အားနည်း သည်ဟုဆိုကာ အာဆီယံအစည်းအဝေးများ၌ နစက၏ အဆင့်မြင့် ပုဂ္ဂိုလ်များအား တက်ရောက်ခွင့် မပေးဘဲ နိုင်ငံရေးနှင့်မဆိုင်သော သံတမန် တစ်ဦးကိုသာ ‌တက်ရောက်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများကြား ဆုံးဖြတ်ထားသည်။