CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)မှ ဖမ်းဝရမ်း ထုတ်ရန် ICC ၏ ရှေ့နေချုပ် ကာရင်အေအေခန်(Karim A.A Khan)က လျှောက်ထားခဲ့ရာ အသိအမှတ်မပြုကြောင်း နစက-က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းမှာ ဘင်္ဂါလီများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ၏ ရှေ့နေချုပ် ကာရင်အေအေခန်က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက်က လျှောက်ထားခဲ့သည်။
နစက-က “မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါ ကမှ အသိအမှတ်ပြုခြင်းမရှိပါ။ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအပြင် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ် လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိသည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။
ရှေ့နေချုပ် ကာရင်အေအေခန်ကတော့ နောက်ထပ် ဝရမ်းများ လျှောက်ထားရန် ရှိသည်ဟု နိုင်ငံတကာ မီဒီယာ များသို့ ပြောကြားထားသည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်တပ် စခန်းများနှင့် ရဲစခန်းများကို ARSA က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် နေထိုင်ကြသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် မြန်မာအစိုးရက ပြန်လည် လက်ခံရန် ကြိုးပမ်းခဲ့သော်လည်း ယနေ့အချိန်ထိ အဆင်မပြေသေးပေ။
အဆိုပါ ဖြစ်စဉ်အတွင်း မြန်မာနိုင်ငံကို လူမျိုးသုဥ်း သတ်ဖြတ်သည်ဟုဆိုကာ နိုင်ငံတကာက စွပ်စွဲခဲ့သလို ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲခဲ့၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ဖြေရှင်းခဲ့သည်။