CNI International News

ပြုံယမ်း၊ အောက်တိုဘာ ၁၅

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် စစ်အင်အား အများအပြားချထားသည့် နယ်စပ်ကို ဆက်သွယ်ထား သော လမ်းများအား ဖောက်ခွဲဖျက်ဆီးရန် ပြင်ဆင်နေသည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတပ်ဖွဲ့များကို လမ်းများပေါ်တွင် အလုပ်လုပ်ကိုင်နေသည်ကို ထောက်လှမ်းတွေ့ရှိကြောင်း တောင်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

"မြောက်ကိုရီးယားတပ်ဖွဲ့တွေက လမ်းတွေပေါ်မှာ အကာအကွယ်တွေ ချမှတ်နေပြီး ဒီအကာအကွယ်တွေရဲ့ နောက်မှာတော့ လမ်းတွေကို ဖောက်ခွဲဖျက်ဆီးဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်"ဟု တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ် လီဆန်းဂျွန်(Lee Sung Joon)က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လမ်းများကို ဖျက်စီးခြင်းသည် တောင်ကိုရီးယားနှင့် ဆက်သွယ်ရေးကို ဖြတ်တောက်ရန် ကင်မ်ဂျုံအန်(Kim Jong Un)၏ တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းဖြစ်သလို တောင်ကိုရီးယားအား မြောက်ကိုရီးယား၏ အဓိကရန်သူအဖြစ် သတ်မှတ်ရန် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်။

မြောက်ကိုရီးယားဘက်ခြမ်းကို တွေ့ရစဉ်

တောင်ကိုရီးယားသည် ဝါဒဖြန့် လက်ကမ်းစာစောင်များ ကြဲချရန်အတွက် ယခုလအတွင်း ၎င်းတို့၏မြို့တော် ပေါ်သို့ ဒရုန်းများ လွှတ်တင်ခဲ့ကြောင်း မြောက်ကိုရီးယားက စွပ်စွဲပြောကြားခဲ့ပြီးနောက် ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား စစ်တပ်အနေဖြင့် ဒရုန်းများကို ထပ်မံတွေ့ရှိခဲ့လျှင် ဆိုးရွားသော တုန့်ပြန်မှုများကို ပြုလုပ်သွား မည်ဟု သတိပေးခဲ့ပြီး နယ်စပ်တွင် အဆင်သင့် ပစ်ခတ်နိုင်ရန် အမြောက်တပ်မဟာ ၈ ခုကို ထားရှိထားကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားကမူ ဒရုန်းများ လွှတ်တင်ခဲ့ခြင်း ရှိ/မရှိ အတည်ပြုရန် ငြင်းဆိုထားသော်လည်း ၎င်းတို့ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လျှင် မြောက်ကိုရီးယားကို အပြစ်ပေးသွားမည်ဟု သတိပေး ထားသည်။

မြောက်ကိုရီးယားဘက်ခြမ်းကို တွေ့ရစဉ်

ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံတပ်ဖွဲ့ ပေါင်းစည်းအင်အားကို ၎င်း၏စစ်တပ်က ယှဉ်နိုင်ခြင်း မရှိသောကြောင့် မြောက်ကိုရီးယားအနေဖြင့် အပြည့်အဝ စစ်ပွဲတစ်ရပ်အဖြစ် တိုက်ခိုက်ရန် ဖြစ်နိုင်ခြေမရှိကြောင်း သုံးသပ်ထားသည်။

တောင်ကိုရီးယား တာဝန်ရှိသူများ၏ ပြောကြားချက်အရ မြောက်ကိုရီးယားသည် ၎င်းဘက်ခြမ်းရှိ နယ်စပ်တွင် တင့်ကားဖျက် အတားအဆီးများ ထပ်မံချထားကာ မိုင်းများထောင်ထားပြီး အင်အားထပ်မံဖြည့်တင်းထား သည်ဟု ဆိုသည်။

Source: ရိုက်တာ