CNI International News

ဂျေရုဆလင်၊ အောက်တိုဘာ ၁၅

လက်ဘနွန်နိုင်ငံတွင် တိုက်ပွဲများ အရှိန်မြှင့်လာသည့်အတွက် ထိုဒေသမှာ တပ်စွဲထားသည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းရေး (UNIFIL)တပ်ဖွဲ့များ ထွက်ခွာကြ ရန် အစ္စရေးနိုင်ငံမှ အစ္စရေးစွမ်းအင်ဝန်ကြီး အလီ ကိုဟန်(Eli Cohen) က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် ရှိနေသည့် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းရေး (UNIFIL) တပ်ဖွဲ့ဝင်များ သည် အစ္စရေးအား ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုရန်မှ ကာကွယ်ပေးနိုင်ခြင်းမရှိသဖြင့် အသုံးမဝင်ကြောင်း ၎င်းက ဝေဖန်ရှုတ်ချခဲ့သည်။

"အစ္စရေးနိုင်ငံဟာ မိမိတို့နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် စိတ်ချသေချာစေဖို့အတွက် အရာအားလုံး လုပ်ဆောင် သွားမှာပါ။ တကယ်လို့ ကုလသမဂ္ဂအနေနဲ့ မကူညီချင်နေ၊ မနှောင့်ယှက်ချင်ဘူးဆိုရင် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာ ဒေသတွေက ကုလသမဂ္ဂတပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းပေးသင့်ပါတယ်" ဟု အလီကိုဟန်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် ငြိမ်းချမ်းရေးထိန်းသိန်းရေးတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမှုနှင့် ပတ်သက်ပြီး အစ္စရေးနှင့် ကုလသမဂ္ဂတို့အကြား အပြန်အလှန် စွပ်စွဲပြောကြားမှုများ ရှိခဲ့သည်။

အစ္စရေးတပ်ဖွဲ့ကိုတွေ့ရစဉ်

အစ္စရေးကမူ လက်ဘနွန်တောင်ပိုင်းရှိ အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် စစ်ရေးအခြေခံ အဆောက်အအုံများကို ချေမှုန်းရန် တိုက်ခိုက်မှုများအား တိုးမြှင့်လျက်ရှိသည်။

ကုလသမဂ္ဂကမူ အစ္စရေးတင့်ကားများသည် အောက်တိုဘာ ၁၃ ရက်က ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့စခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များကို ဆန့်ကျင်သည့် ချိုးဖောက် မှုများရှိခဲ့ကြောင်း စွပ်စွဲခဲ့သည်။

အစ္စရေး၏ လုပ်ဆောင်ချက်ကို ဟစ်ဇ်ဘိုလာအဖွဲ့သာမက အစ္စရေး၏ မဟာမိတ်နိုင်ငံများကပင် ဝေဖန်ရှုတ်ချခဲ့ သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu)က ကုလသမဂ္ဂ တပ်ဖွဲ့ဝင်များကို ပြန်လည် ရုပ်သိမ်းရန်နှင့် ကုလတပ်ဖွဲ့ဝင်များသည် ဟစ်ဇ်ဘိုလာအဖွဲ့အတွက် လူသားဒိုင်းများကဲ့သို့ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၃ ရက် အစောပိုင်းက အစ္စရေး၏ Merkava တင့်ကား ၂ စီးသည် ကုလသမဂ္ဂ တပ်ဖွဲ့များရှိသည့် စစ်စခန်း၏ ပင်မဂိတ်တံခါးကို ဖျက်ဆီးပြီး အင်အားသုံးဝင်ရောက်ခဲ့ကြောင်း UNIFIL တပ်ဖွဲ့က ပြောကြားခဲ့သည်။

Source: ရိုက်တာ