CNI International News

တဲလ်အဗစ်၊ ဩဂုတ် ၂၆

အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်မှတ်များကို လေကြောင်း တိုက်ခိုက်ခဲ့ပြီး နောက် ဩဂုတ် ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီမှစပြိး ၄၈ နာရီကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့ သည်ဟု ဂျာကာတာပို့စ်မှ ဖော်ပြခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့် (Yoav Gallant) က ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေ ကြေညာချက်သည် နိုင်ငံအတွင်း လူစုလူဝေးများ ပြုလုပ်မှုကို ကန့်သတ်ခြင်း၊ တိုက်ခိုက်ခံရလိမ့်မည်ဟု ယူဆ ရသည့် နေရာများကိုပိတ်ခြင်း အစရှိသည့် ညွှန်ကြားချက်များကို ထုတ်ပြန်ရန်ဖြစ်ကြောင်း ဂဲလန့်က ပြောသည်။

အစ္စရေးက အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ဒုံးကျည်များနှင့် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ဒရုန်းအစင်းရေ ၃၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။

"အရေးပေါ်အခြေအနေ ကြေညာတာဟာ အစ္စရေးစစ်တပ်က အစ္စရေးနိုင်ငံသားတွေကို လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ဖြစ်ပါတယ်" ဟု ဂဲလန့်က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံ အတွင်းရှိ ပစ်မှတ်များကို ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းတို့၏ တပ်မှူးတစ်ဦး သတ်ဖြတ်ခံရမှုကို တုန့်ပြန်သည့်အနေဖြင့် အစ္စရေးကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဟစ်ဇ်ဘိုလာတပ်မှူး သေဆုံးသွားစဉ်

ပြီးခဲ့သည့်လက ဟစ်ဇ်ဘိုလာတပ်ဖွဲ့မှ တပ်မှူး ဖူအက် ရှူကာ (Fuad Shukr) သတ်ဖြတ်ခံရမှုကို တုန့်ပြန်သည့် အနေဖြင့် အစ္စရေးနိုင်ငံ၏ နက်ရှိုင်းသော နယ်နိမိတ်အတွင်းကို ပစ်မှတ်ထားပြီး ဒရုန်းများဖြင့် လေကြောင်း တိုက် ခိုက်ခဲ့ကြောင်း၊ မိမိတို့သည် အစ္စရေးတပ်များ တပ်စွဲထားသည့် နေရာများ၊ စစ်တန်းလျားများနှင့် Iron Dome လေကြောင်းကာကွယ်ရေးစနစ်များကို ပစ်မှတ်ထားခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်သည့် အစီရင်ခံစာတွင် ဂဲလန့်သည် လက်ရှိဖြစ်ပွားနေသည့် အခြေအနေ အရပ်ရပ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ကို ရှင်းလင်းတင်ပြ ခဲ့သည်ဟု ဖော်ပြခဲ့သည်။

"အစ္စရေးပြည်သူတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ လက်ဘနွန်နိုင်ငံထဲက ပစ်မှတ်တွေကို တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်" ဟု ဂဲလန့်က အော်စတင်ကို ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် မိမိတို့သည် လက်ဘနွန်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး မိမိတို့ပြည်သူများကို ကာကွယ်ရန် နည်းလမ်းမျိုးစုံ အသုံးပြုသွားမည်ဟုလည်း ဂဲလန့်က ပြောကြားခဲ့သည်။

Source: ဂျာကာတာ ပို့စ်