CNI International News

တိုင်ပေ၊ အောက်တိုဘာ ၁၅

တရုတ်သည် အောက်တိုဘာ ၁၄ ရက်က ထိုင်ဝမ်ကျွန်းကို တိုက်လေယာဉ်များ၊ စစ်သင်္ဘောများဖြင့် ဝိုင်းပတ် ပိတ်ဆို့ပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုများသည် ပြီးခဲ့သည့် ၂ နှစ်အတွင်း တရုတ်၏ စတုတ္ထမြောက် အကြီးစား စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး ထိုစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်၏ ခွဲထွက်ဝါဒီများကို ပြင်းထန်စွာသတိပေးရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း တရုတ်က ပြောကြားခဲ့သည်။

အမေရိကန်ကမူ တရုတ်၏ လုပ်ဆောင်ချက်များသည် အကြောင်းမဲ့သက်သက် အန္တရာယ်များ မြင့်တက်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေ (Lai Ching-te) ကမူ တရုတ်၏ စစ်ရေးလေ့ကျင့်မှုများကို တုန့်ပြန်သည့် အနေဖြင့် ထိုင်ဝမ်၏ ဒီမိုကရေစီနှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်က ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေကိုတွေ့ရစဉ်

ထို့နောက် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း တရုတ်၏ စစ်ရေးလေ့ကျင့်မှုများကို သင့်တော်သည့် အင်အားစု ဖြင့် တုန့်ပြန်ဆောင်ရွက်ရန် ဖြန့်ကြက်ချထားကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ထိုင်ဝမ်အစိုးရက ၎င်းတို့အုပ်ချုပ်ထားသည့် ကျွန်းစုများပေါ်တွင် တပ်လှန့်နှိုးဆော်မှုများကို မြှင့်တင်ထားပြီး ထိတွေ့မှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ တုန့်ပြန်ရန် ပြင်ဆင်ထားကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်ကမူ Joint Sword-2024B အမည်ရှိ စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်၏ ခွဲထွက်ရေး အင်အားစု၏ ခွဲထွက်ရေးလှုပ်ရှားမှုများအား တင်းမာစွာ သတိပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စစ်ရေးလေ့ကျင့်မှုသည် စစ်သားများ၏ ပူးတွဲစစ်ဆင်ရေး စွမ်းဆောင်ရည်များကို စမ်းသပ်ခြင်းလည်း ဖြစ်ကြောင်း တရုတ်စစ်တပ်၏ အရှေ့တိုင်းစစ်နယ်ဝန်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကပ္ပတိန် လီရှီ  (Li Xi) က ပြောကြားခဲ့သည်။

ထိုင်ဝမ်ကျွန်းအရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများအတွင်း ဝေဟင်-ရေပြင် ကင်းလှည့်မှုများ အပြင် ဆိပ်ကမ်းများနှင့် ရေကြောင်း နယ်နိမိတ်များကို ပိတ်ဆို့သည့် လေ့ကျင့်မှုများ ပါဝင်သည်ဟု လီက ပြောကြားခဲ့သည်။

Source: Nikkei Asia