CNI International News

နယူးဒေလီ၊ ဇွန်လ ၂၀

အိန္ဒိယနိုင်ငံတွင် စာမေးပွဲမေးခွန်းများ ပေါက်ကြားမှု ပြဿနာကြောင့် Telegram အသုံးပြုခွင့် ယာယီ ပိတ်ပင်ထားသည့် အမိန့်အား ပယ်ဖျက်ပေးရန် Telegram ကုမ္ပဏီဘက်က လျှောက်လှဲချက်ကို နယူးဒေလီ တရားရုံးက ဇွန်လ ၁၉ ရက်၌ ပယ်ချခဲ့ကြောင်း CNA ဖော်ပြခဲ့သည်။

အိန္ဒိယတွင် ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ရည်ရွယ်သည့် အစိုးရ၏ လုပ်ဆောင်ချက်သည် တရားဥပဒေနှင့် ညီညွတ်ပြီး ကျိုးကြောင်းဆီလျော်မှုရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ဇွန်လ ၁၆ ရက်မှ ဇွန်လ ၂၂ ရက်အထိ Telegram အက်ပလီကေးရှင်းကို ပိတ်ပင်ထားမှုသည် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သော အိန္ဒိယတွင် ပြင်းထန်သည့် အငြင်းပွားမှုများ ဖြစ်ပေါ်စေခဲ့သည်။

လွတ်လပ်စွာ ပြောဆိုခွင့်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများကမူ ယခုလုပ်ရပ်သည် အစိုးရအနေဖြင့် လူမှုမီဒီယာများ အသုံးပြုခွင့်အား အချိန်မရွေး ကန့်သတ်ပိတ်ပင်နိုင်သည့် အာဏာကို ခိုင်မာစေပြီး ဆိုးရွားသော စံနမူနာတစ်ခု ဖြစ်လာစေကြောင်း ပြောသည်။

တရားရုံးအမှု မှတ်တမ်းကို တွေ့ရစဉ်

ပြီးခဲ့သည့်လက ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (NEET ) ဖြေဆိုမည့် ကျောင်းသားများအတွက် ကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာ စာမေးပွဲ မေးခွန်းများ ပေါက်ကြားခဲ့သည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်လာပြီး စာမေးပွဲ ရလဒ်များကို ဖျက်သိမ်းခဲ့သည်။

Telegram တွင် NEET PAPER LEAKED နှင့် Paper Leaked NEET အမည်ရှိ ချန်နယ်များနှင့် အချို့ ချန်နယ်များ သည် NEET  စာမေးပွဲ မေးခွန်းများကို အခကြေးငွေများဖြင့် ရောင်းချခဲ့ကာ Telegram တာဝန်ရှိသူများဘက်က ထိုချန်နယ်များကို အရေးယူပိတ်ပင်ရန် ပျက်ကွက်ခဲ့ကြောင်း အိန္ဒိယအစိုးရက စွပ်စွဲပြီး Telegram အသုံးပြုခွင့်ကို ယာယီပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပိတ်ပင်ချက်ကို ပယ်ဖျက်ပေးရန် Telegram ကုမ္ပဏီ၏ အယူခံဝင်မှုကို တရားရုံးက ပယ်ချခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်ပြီး Telegram နှင့် အိန္ဒိယအစိုးရတို့က ချက်ချင်း မှတ်ချက်မပေးခဲ့ပေ။

ယခုကဲ့သို့ ပိတ်ပင်ခံထားရသည့် ကာလအတွင်း အိန္ဒိယတွင် Telegram ကို အသုံးမပြုနိုင်တော့ဘဲ အိန္ဒိယ ဆက်သွယ်ရေးကုမ္ပဏီများသည် Google နှင့် Apple ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်ပြီး App Store များတွင် Telegram အက်ပလီကေးရှင်းကို ဖယ်ရှားခဲ့သည်။

Source: CAN