CNI International News

နယူးဒေလီ ၊ ဇူလိုင် ၆

အိန္ဒိယနိုင်ငံတွင် ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလားပင်လယ်အော် အစီအစဉ် ( BIMSTEC) အစည်းအဝေးကို ဇူလိုင် ၁၁ ရက်၌ ကျင်းပသွားမည်ဟု Wion သတင်းတွင် ဖော်ပြထားသည်။

ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘင်္ဂလားပင်လယ်အော်အစီအစဉ် ( BIMSTEC) အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ အစရှိသည့် အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံ ပါရှိသည်။

ထိုအဖွဲ့တွင် အခြေခံအားဖြင့် ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသော နိုင်ငံများက အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်ကြပြီး ဒေသတွင်းရှိ ကဏ္ဍအများအပြား၌ အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း စက်တင်ဘာ၌ ပြုလုပ်မည့် ထိပ်သီးအစည်းအဝေး မတိုင်မီ နယူးဒေလီမှာ BIMSTEC အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲကို ပြုလုပ်ခြင်းဖြစ်သည်။ 

ထိုင်းတွင် ပြုလုပ်မည့် အစည်းအဝေးကို အိန္ဒိယဝန်ကြီးချုပ် မိုဒီ(Narendra Modi) တက်ရောက်ဖွယ်ရှိသည်။

BIMSTEC အဖွဲ့၀င် နိုင်ငံများရဲ့ အလံများကိုတွေ့ရစဉ်

BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုဖွင့်ပွဲကို လွန်ခဲ့သည့်နှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ပြုလုပ်ခဲ့သည်။

BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုကို အိန္ဒိယတွင် လက်ခံပြုလုပ်ခြင်းသည် အိန္ဒိယအစိုးရက အိမ်နီးချင်းဦးစားပေး မူဝါဒအပေါ် ဆက်လက်အာရုံစိုက်နေကြောင်း ဖော်ပြခြင်းဖြစ်သည်။

လွန်ခဲ့သည့်လက နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မော်ဒိုက်၊ မော်ရေးရှက်စ်နှင့် ဆေးရှဲနိုင်ငံတို့မှ ခေါင်းဆောင်  များသည် ဝန်ကြီးချုပ်မိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်း အနားကို တက်ရောက်ခဲ့ကြသည်။

အဆိုပါအဖွဲ့ကို ၁၉၉၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် လက်ရှိအဖွဲ့ပုံစံအဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းက BIMSTEC ပဋိညာဉ်စာတမ်းသည် အုပ်စုဖွဲ့ခြင်းကို ဥပဒေကြောင်းအရ ကျောထောက်နောက်ခံအဖြစ် အသက်ဝင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများက ကြိုဆိုခဲ့ကြသည်။

Source: Wion