CNI International News

ဘေဂျင်း၊ မေလ ၂၂

ပြီးခဲ့သည့် သီတင်းပတ်က ဘေဂျင်း (Beijing) မြို့တော်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အတွက် တည်ခင်းဧည့်ခံခဲ့သည့် နိုင်ငံတော်အဆင့် ဂုဏ်ပြု ညစာစားပွဲ၌ တရုတ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦး၏ ရုပ်ပုံများသည် လူမှုမီဒီယာများ၌ ပျံ့နှံ့သွားခဲ့ပြီး လူအများကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

မည်သူမည်ဝါမှန်း မသိရသည့် ထိုအမျိုးသမီးသည် ညစာစားပွဲ၏ အထူးနေရာ တစ်ခုဖြစ်သော Tesla စီအီးအို အီလွန်မတ်ခ် (Elon Musk) နှင့် Apple စီအီးအို တင်ကွတ်ခ် (Tim Cook) တို့၏ ကြားတွင် ထိုင်နေခဲ့သည့်အတွက် မီဒီယာများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ထိုအမျိုးသမီးမှာ လူသုံးကုန်လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများနှင့် ဖန်သားများ၊ မှန်ဘီလူးများ ထုတ်လုပ်သည့် Lens Technology ကုမ္ပဏီကြီးကို ထူထောင်ခဲ့သည့် ကျိုးချန်ဖေး (Zhou Qunfei) ဖြစ်သည်။

ကျိုးသည် အမေရိကန် ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်သည့် ထိုညစာစားပွဲတွင် Lenovo ၊ Xiaomi ၊ ByteDance ကုမ္ပဏီများ အပါအဝင် တရုတ်၏ ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်များနှင့်အတူ အရေးပါ သည့်နေရာမှ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

Lens Technology ကုမ္ပဏီကြီးကို ထူထောင်ခဲ့သည့် ကျိုးချန်ဖေးကို တွေ့ရစဉ်

ကျိုးကို ၁၉၇၀ ပြည့်နှစ်တွင် ဟူနန် (Hunan) ပြည်နယ်ရှိ ကျေးရွာတစ်ရွာမှ ဆင်းရဲသော မိသားစုတစ်စုတွင် မွေးဖွားခဲ့ပြီး သူ့အသက် ၁၅ နှစ်အရွယ်၌ ကျောင်းထွက်ခဲ့ကာ စက်ရုံများ၌ အလုပ်လုပ်ကိုင်ရန် ရှန်ကျန်း (Shenzhen) မြို့သို့ ပြောင်းရွှေ့ခဲ့သည်။

အသက် ၂၃ နှစ်အရွယ် ၁၉၉၃ ခုနှစ်တွင် သူသည် ဆွေမျိုးအချို့နှင့်အတူ ရှန်ကျန်းမြို့၏ ပေါင်အန်း (Bao'an) ရပ်ကွက်၌ လက်ပတ်နာရီ မှန်များပေါ်တွင် ဆေးရောင် ရိုက်နှိပ်ခြင်းလုပ်ငန်းကို အဓိကထားသည့် အသေးစား လုပ်ငန်းတစ်ခုကို စတင်ခဲ့သည်။

ဆယ်စုနှစ် တစ်ခုအကြာတွင်မူ Lens Technology ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့သည်။

Lens Technology ကုမ္ပဏီသည် Apple ကုမ္ပဏီနှင့် လက်တွဲပြီး နောက်ပိုင်းတွင် အရှိန်အဟုန်ဖြင့် အောင်မြင်လာ ခဲ့သည်။

iPhone က စမတ်ဖုန်းလောကကို အကြီးအကျယ် စတင်ပြောင်းလဲတော့မည့် ၂၀၀၇ ခုနှစ်တွင် Lens Technology ကုမ္ပဏီသည် iPhone များအတွက် မျက်နှာပြင်မှန် (Cover Glass) ပံ့ပိုးပေးသူအဖြစ် Apple ကုမ္ပဏီ၏ ထောက်ပံ့ ရေး ကွင်းဆက်ထဲတွင် နေရာတစ်နေရာ ရရှိခဲ့သည်။

iPhone သည် ကမ္ဘာတစ်ဝှမ်းတွင် အကြီးအကျယ် အောင်မြင် လူကြိုက်များလာသည်နှင့်အမျှ Apple သည် Lens Technology ကုမ္ပဏီ၏ အကြီးမားဆုံး ဖောက်သည်ဖြစ်လာခဲ့သည်။

 

Lens Technology ကုမ္ပဏီကြီးကို ထူထောင်ခဲ့သည့် ကျိုးချန်ဖေးကို တွေ့ရစဉ်

၂၀၁၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် Lens Technology ကုမ္ပဏီ၏ နှစ်စဉ်ရရှိသော ဝင်ငွေ စုစုပေါင်း၏ ထက်ဝက်ကျော်သည် Apple ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။

Lens Technology ကို ၂၀၁၅ ခုနှစ်၊ မတ်လတွင် ရှန်ကျန်း၏ နည်းပညာအသားပေး ChiNext စတော့အိတ်ချိန်း၌ စာရင်းသွင်းနိုင်ခဲ့သဖြင့် ကျိုးသည် တရုတ်နိုင်ငံ၏ ကိုယ်ထူကိုယ်ထ ကြိုးပမ်းအောင်မြင်ခဲ့သော အချမ်းသာဆုံး အမျိုးသမီးများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

ထို့နောက် Lens Technology ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်တွင် ဟောင်ကောင်၌ အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာ များကို ထပ်မံရောင်းချခဲ့သည်။

မေလ ၁၅ ရက်တွင် ရှန်ကျန်း စတော့အိတ်ချိန်း၌ စာရင်းဝင်ထားသော Lens Technology ကုမ္ပဏီ၏ ရှယ်ယာ ဈေးကွက်သည် ၅ ဒသမ ၉ ရာခိုင်နှုန်းနီးပါး မြင့်တက်ကာ ၃၄ ဒသမ ၂၁ ယွမ်ဖြင့် ဈေးပိတ်ခဲ့သဖြင့် ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုးမှာ ယွမ် ၁၈၀ ဒသမ ၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆ ဘီလျံ) အထိ ရှိလာခဲ့သည်။

Source: Nikkei Asia