CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃

ဖူလ်ဟမ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ကစားသမားသစ် ဂျာအိုဖိလစ် အနီကတ်နဲ့ ထုတ်ပယ် ခံရတာက အသင်းအတွက် အရမ်းစိတ်ပျက်စရာ ကောင်းတယ်လို့ ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ပြော ပါတယ်။

ဂရေဟမ်ပေါ်တာက “ဒီဖျက်ထုတ်မှုက အန္တရာယ်ရှိစေလိုတဲ့ ရည်ရွယ်မျိုး မရှိပေမယ့် ဘာကြောင့် အနီကတ် ပြသ လဲဆိုတာ ကျနော်နားလည်ပါတယ်။ ဒါဟာ နောက်ထပ် ထိုးနှက်ချက် တစ်ခုပါပဲ။ ထိုးနှက်ချက်တွေက ဆက်တိုက် လာနေတာပါ။ ဂျာအိုဖိလစ်က တကယ်ကို ကောင်းခဲ့တာပါ။ ပွဲထဲမှာ သူ့ရဲ့ အရည်အချင်းကို ခင်ဗျားတို့ မြင်ရမှာပါ။ ဒါကြောင့် ကျနော်တို့အတွက် အရမ်းစိတ်ပျက်စရာ ဖြစ်ပါတယ်”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အသလက်တီကို အသင်းကနေ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာအိုဖိလစ် ဟာ ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီ ကစားသမားဟာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ပွဲချိန် ၅၈ မိနစ်မှာ ဖူလ်ဟမ်ကစားသမား တီတီကို ဖျက်ထုတ် ပုံ ကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ ဒီပွဲမှာ ဖူလ်ဟမ်က ချယ်လ်ဆီးကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်း နည်းပြ ဂရေဟမ်ပေါ်တာကိုတွေ့ရစဉ်

ချယ်လ်ဆီးအသင်းဟာ ၃ ပွဲဆက် ရှုံးပွဲ ကြုံတွေ့ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံနောက်ဆုံး ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်ပိုင်းတွေ ဆိုးရွားနေခဲ့တာပါ။ ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာဟာ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေ ပိုမို တိုးလာနေခဲ့ပြီး ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေဟာ ပိုပြီးများလာခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အနီကတ်ထိခဲ့တဲ့ ဂျာအိုဖိလစ်ဟာ ၃ ပွဲပယ်ခံရမှာဖြစ်ပြီး ကွင်းလယ်ကစားသမား ဇာခါရီရာကလည်း ဒဏ်ရာ ရရှိသွားခဲ့တာပါ။

ဂရေဟမ်ပေါ်တာက “ကျနော်တို့ဟာ ပွဲအစပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါ တယ်။ ကျနော်တို့ဟာ အမှားအယွင်းတွေနဲ့ သူတို့ရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ ကောင်းမွန်စွာ တုန့်ပြန်နိုင်ခဲ့ပေမယ့် အနီကတ်က အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။ အလုပ်ကို ဆက်လုပ်ဖို့ ကလွဲပြီး တခြား ဖြေရှင်းချက်တွေ မရှိဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal