CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃

၂၀၂၂ ဖီဖာအကောင်းဆုံးဆုတွေအတွက် ဆန်ကာတင်စာရင်းတွေ ထုတ်ပြန်လိုက်ရာမှာ အမျိုးသား အကောင်းဆုံးကစားသမားဆုစာရင်းမှာ မက်ဆီပါဝင်ခဲ့ပြီး ရော်နယ်ဒိုက ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ကာလတစ်လျှောက်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲတဲ့ ကစားသမားတွေကို ရွေးချယ်ပြီး ဒီဆုအတွက် ဆန်ကာတင်စာရင်းကို ထုတ်ပြန်ခဲ့တာပါ။ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်အသင်းမှာ ကစားခွင့်ဆုံးရှုံးခဲ့ပြီး ပေါ်တူဂီအသင်းနဲ့လည်း အောင်မြင်မှုမရခဲ့တာကြောင့် အမျိုးသားအကောင်းဆုံး ကစား သမားဆုအတွက် ဆန်ကာတင် ၁၄ ဦးမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ဒီစာရင်းမှာ ပါဝင်တဲ့သူတွေကတော့ မက်ဆီ၊ ဘတ်ပီ၊ ဘန်ဇီမာ၊ ဒီဘရိုင်း၊ ဟာလန်း၊ လီဝန်ဒေါစကီး၊ မာနေးနဲ့ ဆာလတ်တို့ဖြစ်ပါတယ်။

ဒါ့အပြင် အယ်လ်ဗားရတ်ဇ်၊ ဘယ်လင်ဂမ်၊ ဟာကီမီ၊ မိုဒရစ်၊ နေမာနဲ့ ဗီနီစီးယတ်စ်တို့လည်း ပါဝင်ခဲ့တာပါ။ ဒီ ဆန်ကာတင်စာရင်းကို တစ်ဦးချင်းနဲ့ အသင်းလိုက်စွမ်းဆောင်ရည်၊ အောင်မြင်မှုမှတ်တမ်း၊ ကွင်းတွင်း၊ ကွင်းပြင် အပြုအမူတွေပေါ်မူတည်ပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒီဆုအတွက် မီဒီယာကိုယ်စားလှယ်တွေ၊ လက်ရွေးစင် အသင်းနည်းပြတွေ၊ လက်ရွေးစင်အသင်းခေါင်းဆောင်တွေနဲ့ ပြည်သူတွေက မဲပေးရွေးချယ်ကြမှာပါ။

အကောင်းဆုံးအမျိုးသမီးကစားသမားဆု၊ အကောင်းဆုံးအမျိုးသားနည်းပြဆု၊ အကောင်းဆုံးအမျိုးသမီး နည်းပြဆု၊အကောင်းဆုံးသွင်းဂိုးဆု၊ အကောင်းဆုံးအမျိုးသားဂိုးသမားနဲ့အမျိုးသမီး ဂိုးသမားဆုတွေအတွက်လည်း ဆန်ကာတင်စာရင်းတွေကို ဖီဖာက ထုတ်ပြန်ခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသားနည်းပြဆုအတွက် ဆန်ကာတင် ၅ ဦးမှာ ရီးရယ်လ်နည်းပြ အန်ဆယ်လော့တီ၊ ပြင်သစ် နည်းပြ ဒက်ချမ့်ပ်စ်၊ မန်စီးတီးနည်းပြ ဂွာဒီယိုလာ၊ မော်ရိုကိုနည်းပြ ဝါလစ်ရီဂရာဂွီနဲ့ အာဂျင်တီးနားနည်းပြ စကာလိုနီတို့ ပါဝင်ခဲ့တာပါ။အမျိုးသားဂိုးသမားဆုအတွက် ဆန်ကာတင် ၅ ဦးစာရင်းမှာတော့ ဘရာဇီးလ်ဂိုးသမား အလီဆန်၊ မော်ရိုကိုဂိုးသမား ဘိုနို၊ ဘယ်လ်ဂျီယံဂိုးသမား ကော့တွိုက်စ်၊ ဘရာဇီးလ်ဂိုးသမား အီဒါဆန်နဲ့ အာဂျင် တီးနားဂိုးသမား မာတီးနတ်ဇ်တို့ ဖြစ်ပါတယ်။

မဲပေးမှုကို ဖေဖော်ဝါရီ ၃ ရက်မှာ ပိတ်မှာဖြစ်ပြီး ဆန်ကာတင် ၃ ဦးစာရင်းကို အခုလကုန်ပိုင်းမှာ ကြေညာသွားမှာ ဖြစ်ကာ ဆုပေးပွဲကိုတော့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Source:Goal