CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃

ဘာစီလိုနာအသင်း ဂန္တဝင်ကစားသမား ရော်နယ်ဒင်ဟိုရဲ့ သားဖြစ်သူဟာ ဘာစီလိုနာယူ-၁၉ အသင်းနဲ့ ခြေစွမ်းပိုင်းစမ်းသပ်ခံနေတယ်လို့ သိရပါတယ်။

ရော်နယ်ဒင်ဟိုရဲ့ သားဖြစ်သူ မန်ဒက်ဇ်ဒီအဆစ်ဟာ ဘရာဇီးကလပ်ခရူဇီယိုအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို ဖျက်သိမ်းပြီး ဘာစီလိုနာအသင်းနဲ့ ခြေစွမ်းပိုင်းစမ်းသပ်မှုတွေပြုလုပ်နေတာလို့ ESPN က ဖော်ပြထားတာပါ။ မန်ဒက်ဇ်ဒီအဆစ်အနေနဲ့ နူးကမ့်ပ်မှာ အထင်ကြီးအောင်လုပ်နိုင်ခဲ့မယ်ဆိုရင် ဂျူဗီနေးလ်အေအသင်းနဲ့ လက်မှတ် ထိုးနိုင်တယ်လို့ သိရပါတယ်။

ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာအသင်းမှာ ကစားချိန်ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ကလပ်အသင်းရဲ့ ဂန္တဝင် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာပါ။သူဟာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်၊ လာလီဂါဖလား ၂ ကြိမ်တို့ကို ရယူနိုင်ခဲ့သလို ဘောလွန်းဒီအောဆုကိုလည်း စပိန်မှာ ကစားချိန် ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်ဒက်ဇ်ဒီ အဆစ်အနေနဲ့ ဘာစီလိုနာလူငယ်အသင်းနဲ့ လက်မှတ်ထိုးနိုင်ခဲ့မယ်ဆိုရင် ဖခင်ဖြစ်သူ ခြေရာကို လိုက်နင်းနိုင်မှာပါ။

ကမ္ဘာပေါ်မှာ လူသိများတဲ့ ဘာစီလိုနာအကယ်ဒမီဟာ ပါရမီရှိကြတဲ့ ဂါဗီ၊ အန်ဆုဖာတီ၊ ဘလိတ်တို့လို လူငယ် ကစားသမားတွေကို မွေးထုတ်နိုင်ခဲ့ပြီး အသင်းကြီးဆီပို့ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုရဲ့သားဖြစ်သူ ဟာ ခရူဇီယိုအသင်းအပြင် ဘရာဇီးလ်ကလပ်တွေဖြစ်တဲ့ ဖလာမင်ဂို၊ ဗတ်စကိုဒဂါးမားနဲ့ ဘိုအာဗစ်စတာ လူငယ် အသင်းတွေမှာလည်း ကစားခဲ့တာပါ။

ဘာစီလိုနာအသင်းကြီးကတော့ ဒီရာသီမှာ ကစားသမားအင်အားဖြည့်တင်းမှုတွေနဲ့အတူ လာလီဂါ အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ဒါ့အပြင် ဆော်ဒီမှာ ကစားနေတဲ့ စပိန်စူပါဖလားပြိုင်ပွဲ မှာလည်း ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပြီး ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal