CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဝါဒါအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်မှာ အသင်းအတွက် ၄ ဂိုးစလုံးသွင်းယူပြီး ကစားသမားဘ၀ လိဂ်သွင်းဂိုး ၅၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ဂိုးသွင်းခွင့် အများအပြားလွဲချော်ခဲ့လို့ ဝေဖန်မှုတွေခံနေရတာကို ဒီပွဲမှာ စူပါ ဟတ်ထရစ်သွင်းပြီး အဆုံးသတ်နိုင်ခဲ့တာပါ။ပေါ်တူဂီကစားသမားဟာ ဒီပွဲရဲ့ ပထမဂိုးသွင်းယူမှုအပြီးမှာ ကစား သမားဘ၀ လိဂ်သွင်းဂိုး ၅၀၀ ပြည့်တဲ့ သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ စပို့တင်းလစ္စဘွန်း၊ ယူနိုက်တက်၊ရီးရယ်လ်၊ဂျူဗင်တပ်စ်နဲ့ အခုအယ်လ်နာဆာအသင်းအတွက် လိဂ်ပွဲပေါင်း ၆၅၆ ပွဲကစားပြီး ၅၀၃ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အယ်လ်ဝါဒါဘက်ကိုသွင်းယူခဲ့တဲ့ ဟတ်ထရစ်ဂိုးဟာ ရော်နယ်ဒိုအတွက် ကစားသမားဘ၀ (၆၁) ကြိမ်မြောက် ဟတ်ထရစ်ဖြစ်ပြီး ၄ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ (၁၁) ပွဲမြောက်ပွဲလည်းဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ သူရဲ့စံချိန်မှတ်တမ်းတွေထက် အသင်းရလဒ်ကောင်းရယူနိုင်ဖို့သာ အရေးကြီးတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ရော်နယ်ဒိုက “ဒီနေ့သွင်းခဲ့တဲ့ ဂိုးတွေအတွက် တကယ်ကို ပျော်ရွှင်မိပါတယ်။ဒါပေမယ့် ကျနော့်ကို ပိုပြီးပျော်ရွှင်စေတာက ကျနော့်ရဲ့အသင်းဖော်တွေကို ဒီပွဲမှာ အနိုင်ရအောင် ကူညီပေးနိုင်ခဲ့တာပါ။၄ ဂိုးသွင်းပြီး လိဂ်သွင်းဂိုး ၅၀၀ ကျော်သွားခဲ့တာကတော့ အလွန်ကောင်းမွန်တဲ့ ခံစားချက်ပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အယ်လ်နာဆာအသင်းအတွက် (၄) ပွဲကစားထားပြီး (၅) ဂိုးသွင်းယူထားကာ အသင်းကို ဆော်ဒီလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာရောက်ရှိအောင် ကူညီပေးထားနိုင်တာပါ။ အယ်လ်နာဆာ အသင်းဟာ ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားမှာ ဒုတိယနေရာက အယ်လ်ရှာဘတ်အသင်းထက် (၁) ပွဲလျော့ ကစားထားပြီး ရမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီလ ၁၇ ရက်မှာ အယ်လ်တာဝေါင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော်နယ်ဒို ရဲ့သွင်းဂိုးတွေကို ထပ်ပြီးမြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

Source:Goal