CNI International News

မော်စကို၊ မေလ ၂၃

ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်များပေးခြင်းက ပဋိပက္ခအတွင်း နေတိုးအဖွဲ့၏ ပါဝင်မှုနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြစ်စေကြောင်း အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် အန်နာတိုလီ အန်တိုနော့ဗ်က (Anatoly Antonov) က ပြောသည်ဟု Al Jazeera သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းတွင် F-16 များကို ကိုင်တွယ်ရန် အခြေခံ အဆောက်အဦများ မရှိသလို၊ လေယာဉ်မှူး အရေအတွက်နှင့် ပြုပြင် ထိန်းသိမ်းရေး ဝန်ထမ်းအင်အားလည်း မရှိကြောင်း အန်တိုနော့ဗ်က ပြောသည်ဟု တနင်္လာနေ့ ရုရှားသံရုံးမှ ထုတ်ပြန်ချက် တစ်ခု၌ ဖော်ပြထားသည်။

နိုင်ငံခြားသားများ ထိန်းချုပ်မှုဖြင့် နေတိုး လေယာဉ်ကွင်းများမှ အမေရိကန် တိုက်လေယာဉ်များ ပျံသန်းလာလျှင် ဘာဆက်ဖြစ်မလဲဟု အန်တိုနော့ဗ်က မေးခွန်းထုတ်ခဲ့သည်။

ခေတ်မီ ဂျက်တိုက်လေယာဉ်များ ထောက်ပံ့ပေးရေးအတွက် ယူကရိန်းသမ္မတ ဇာလန်းစကီး(Zelenskyy)က အ နောက်အုပ်စု မဟာမိတ်များထံ လအတန်ကြာ တောင်းဆိုခဲ့သည်။

ထိုသို့ ထောက်ပံ့မှုက ရုရှားသမ္မတထံမှ ပိုမိုပြင်းထန်သော တုံ့ပြန်မှုများ ရရှိလာနိုင်သည့် စိုးရိမ်မှုများ ရှိနေချိန်တွင် ဖြစ်သည်။

F-16 တိုက်လေယာဉ်ကိုတွေ့ရစဉ်

သို့သော် ဇာလန်းစကီး၏ တက်သုတ်ရိုက် ဆောင်ရွက်မှုများကြောင့် ဂျပန်တွင် ပြုလုပ်ခဲ့သော G-7 ညီလာခံ အဆုံးမသတ်ခင်ကပင် ယူကရိန်းသို့ ဂျက်တိုက်လေယာဉ်များ ထောက်ပံ့ပေးရေး နိုင်ငံတကာ မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ဗြိတိန်နှင့် နယ်သာလန် ဝန်ကြီးချုပ်တို့က ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့သည်။

F-16 ဂျက်တိုက်လေယာဉ်များနှင့် ပတ်သက်၍ ယူကရိန်းလေယာဉ်မှူးများအတွက် လေ့ကျင့်ရေး အစီအစဉ်များ လုပ်ဆောင်ပေးသွားမည်ဟု အမေရိကန်သမ္မတ ဘိုင်ဒန် (Biden) က သောကြာနေ့တွင် အတည်ပြုပေးခဲ့သည်။

ထိုလေယာဉ်များကို ရုရှားနယ်မြေများသို့ သွားရောက် တိုက်ခိုက်ရေးတွင် အသုံးမပြုဟုဇာလန်းစကီးထံမှ အာမခံချက် ရရှိပြီးနောက်တွင် ဖြစ်သည်။

ယူကရိန်းသို့ F-16 လေယာဉ်များ ထောက်ပံ့ပေးခြင်းကို ရှေ့ဆက်လုပ်ဆောင်လျှင် အနောက်နိုင်ငံများအနေဖြင့် အလွန်ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ဟု ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ဂရက်ရှ်ကို (Alexander Grushko) က ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းတွင် သတိပေးခဲ့သည်။

ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဂရက်ရှ်ကို ကိုတွေ့ရစဉ်

အမေရိကန်အနေဖြင့် ရုရှား၏ တုံ့ပြန်မှုအပေါ် အပြည့်အဝ သတိပြုမိရန် လိုအပ်သည်ဟု အန်တိုနော့ဗ်က ပြောသည်။

အမေရိကန်ထုတ် F-16 များသည် ရုရှားလေတပ်နှင့် ရင်ဆိုင်နေရသော ယူကရိန်းအတွက် အားသာချက် တစ်ခု ဖြစ်လာနိုင်သော်လည်း အင်အားပြင်း ဒုံးကျည်များ၊ ပစ်မှတ်ဆိုင်ရာ အချက်အလက်များနှင့် ပေါင်းစပ်ပြီး ချိန်မှသာ ဖြစ်ကြောင်း လေကြောင်းကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။

လိုအပ်နေသော ဒုံးကျည်နှင့် ပစ်မှတ် အချက်အလက်များကို အနောက်အုပ်စုက ယူကရိန်းသို့ ထောက်ပံ့ပေးရမည် ဖြစ်ကာ ထိုသို့ လုပ်ဆောင်ခြင်းက အနောက်အုပ်စု မဟာမိတ်များ အနေဖြင့် စစ်ပွဲအတွင်း ပိုမို ပါဝင်ရဖွယ် ရှိသည့် အန္တရာယ်ကိုလည်း ဖြစ်စေသည်။

Source: Aljazeera