CNI International News

ဘန်ကောက်၊ မေလ ၂၄

Palang Pracharath (PPRP)ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ဆန်တီ ပရွမ်ပတ် (Santi Prompat)က ဖြူးထိုင်း(Pheu Thai)ပါတီနှင့် ပူးပေါင်းမည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့ကာ ဗိုလ်ချုပ်ကြီး ပရာဝပ် ဝေါင်ဆူဝန်သည် ပါတီခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဟု ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အိမ်စောင့်အစိုးရ၏ လက်ထောက်ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဆန်တီက PPRP အနေဖြင့် ဖြူးထိုင်းပါတီနှင့် ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းဦးဆောင်မည်ဟု ထိုင်းမီဒီယာများတွင် ဖော်ပြနေသည့် သတင်းများ အပေါ် တုံ့ပြန် ဖြေကြားခဲ့ခြင်းဖြစ်သည်။

PPRP ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီးပရာဝပ် ကလည်း ၎င်းအနေဖြင့် ပါတီခေါင်းဆောင် ရာထူးမှ ထွက်ခွာရန် သို့မဟုတ် နိုင်ငံရေးလောကမှ အနားယူရန် အစီအစဉ် မရှိဟု ပြောသည်။

မေလ ၁၄ ရက်တွင် ပြုလုပ်ခဲ့သော ထိုင်းအထွေထွေရွေးကောက်ပွဲ၏ တရားဝင် မဟုတ်သေးသော မဲရလဒ်များတွင် ဖြူးထိုင်းပါတီသည် လွှတ်တော်နေရာ ၁၄၁ နေရာကို အနိုင်ရရှိကာ ဒုတိယနေရာ၌ ရှိနေသည်။

ဖြူးထိုင်းပါတီက ပေတုန်တန်ကို တွေ့ရစဉ် 

PPRP သည် နေရာ ၄၀ အနိုင်ရကာ စတုတ္ထနေရာတွင် ရပ်တည်နေသည်။

Move Forward (MFP) ပါတီသည် ၁၅၂ နေရာဖြင့် ဒုတိယနေရာတွင် ရှိနေပြီး Bumjaithai ပါတီက နေရာ ၇၀ ဖြင့် တတိယနေရာတွင် ရှိသည်။

သို့သော် Bumjaithai ပါတီသည် MFP ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ခြင်း မရှိသေးပေ။

ဖြူးထိုင်းနှင့် PPRP ပူးပေါင်းမည်ဆိုသော ယူဆချက်များမှာ မသမာသူများက လွှင့်လိုက်သော သတင်းမှားများသာ ဖြစ်ပြီး ပါတီတွင် ထိုကဲ့သို့သော အစီအစဉ်မျိုး မရှိဟု ဆန်တီက အင်္ဂါနေ့ အစိုးရအဖွဲ့တွင် ပြောခဲ့သည်။

ယင်းသည် မဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီးပရာဝပ်သည် ပါတီခေါင်းဆောင် နေရာတွင် ဆက်ရှိကြောင်း၊ ၎င်းကို ပါတီဝင်များမှ ထောက်ခံနေဆဲဖြစ်ကြောင်း ဆန်တီက ပြောခဲ့သည်။

PPRP ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ဆန်တီ ပရွမ်ပတ် (Santi Prompat)ကို တွေ့ရစဉ်

MFP အနေဖြင့် အစိုးရသစ် မဖွဲ့စည်းနိုင်လျှင် PPRP အနေဖြင့် ဖြူးထိုင်းနှင့် ပူးပေါင်းနိုင်သလားဟု မေးမြန်းမှုကို တော့ ထိုကိစ္စကို စောင့်ကြည့်ရမည်ဟုသာ ဆန်တီက ပြန်လည် ဖြေကြားခဲ့သည်။

ဖြူးထိုင်းပါတီခေါင်းဆောင် ချိုနန် သီရိကော (Cholnan Srikaew) က ၎င်းတို့အနေဖြင့် PPRP နှင့် ပူးပေါင်းကာ အစိုးရဖွဲ့စည်းနိုင်ချေမရှိဟု မေလ ၂၂ ရက်တွင် ငြင်းဆိုခဲ့သည်။

ဖြူးထိုင်းသည် MFP ပါတီ ဦးဆောင်သော အစိုးရသစ်ဖွဲ့စည်းရန်၊ MFP ခေါင်းဆောင်အား ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်ရန် ထောက်ခံသည့် ပါတီများထဲမှ တစ်ခုဖြစ်သည်။

အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးပြီးချိန်တွင် PPRP ခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာဝပ်သည် သတင်းသမား များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ၎င်းအနေဖြင့် PPRP ပါတီ ခေါင်းဆောင်နေရာမှ နုတ်ထွက်ရန်၊ နိုင်ငံရေးလောကမှ အနားယူရန် မစဉ်းစားဘူးဟု ပြောခဲ့သည်။

Source: ဘန်ကောက်ပို့စ်