CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၄

ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို အသုံးချနိုင်မှ တော်လှန်ရေး အောင်နိုင်မှာဖြစ် ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

မေလ ၂၃ ရက်က ပြုလုပ်သော “စနစ်ဆိုးမှ လွှတ်မြောက်ရန်အတွက် သမိုင်းပေး တာဝန်ထမ်းဆောင်ကြ” ဆိုသည့် စကားဝိုင်း ဆွေးနွေးပွဲ အစီအစဉ်တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက “ဒီကနေ့ တော်လှန်ရေးဟာ ၁၉၄၉ က စခဲ့တဲ့ တော်လှန်ရေး မဟုတ်တော့ ဘူး၊ ဆိုတဲ့သဘောက တိုးတက်ပြောင်းလဲလာတဲ့ အနေအထားပေါ်မှာ ခေတ်အ‌ပေါ်မှာ ကျနော်တို့ တော်လှန်‌ရေးက လည်း ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်ပြောင်းလဲမှုတွေနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဆိုလိုတဲ့ သဘောက အခု ၂၁ ရာစုမှာ တော်လှန်‌ရေးဟာ ၂၁ ရာစု အခြေအနေနဲ့ ကိုက်ညီတဲ့ တော်လှန်ရေးနဲ့ ရင်ဆိုင်ရမယ်၊ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်၊ အထူးသဖြင့် စစ်ရေးအရမှာရော၊ နိုင်ငံရေးအရမှာရော ပြောင်းလဲလာတဲ့ အနေ အထားအ‌ပေါ်မှာ နည်းနာအပေါ်မှာ အဲဒါကို ကျနော်တို့ အမှီလိုက်နိုင်ဖို့ တစ်ဖက် ကျနော်တို့ ရင်ဆိုင်ရတဲ့ အဖွဲ့ အစည်းနဲ့ စစ်ရေးအရရော၊ နိုင်ငံရေးအရရော၊ အုပ်ချုပ်ရေးအရရော ကျနော်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေကို အသုံးချနိုင်မှသာ ကျနော်တို့ အောင်နိုင်မှုရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို တွေ့ရစဉ်

လက်ရှိ စစ်ရေး အခြေအနေကို ပြန်ကြည့်ပါက တစ်ဖက်ရန်သူမှာ မိမိတို့ထက် စစ်ရေးအရ အားသာချက်များ ရှိနေ ကြောင်း၊ လေယာဉ်၊ လက်နက်ကြီး စသည်များကို အသုံးပြုလာကြောင်း၊ သို့သော် မိမိတို့ဖက်က တန်ပြန်ဆောင် ရွက်မှု၊ ဟန့်တားမှု မရှိသည့်အတွက် ပြည်သူလူထုကို အကာအကွယ် မပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယခု ၂၀၂၃ ခုနှစ် ပထမ လေးလပတ် ကာလအတွင်း မြို့နယ် ၅၆ မြို့ထက်မနည်း လေကြောင်း တိုက်ခိုက်ခံရမှု အနည်းဆုံး ၄၄၂ ကြိမ်ရှိခဲ့ကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

နည်းပညာများ တိုးတက်လာသည့်နှင့်အမျှ စစ်လက်နက်အသုံးပြုကာ တိုက်ခိုက်ပုံ၊ တိုက်ခိုက်နည်းများမှ အမြဲတမ်း ကွဲပြားမှု ရှိနေမှာဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

 ဒီမိုကရေစီ တောင်းဆိုနေသူများနဲ့ လုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့ကြစဉ်

၎င်းက “စစ်ပွဲတစ်ပွဲကတော့ စစ်ပွဲရဲ့ သ‌ဘောတရားကတော့ နည်းပညာတွေ ဆန်းသစ်ပြီး တိုးတက်လာတာနဲ့အမျှ စစ်ပွဲနဲ့ ပတ်သက်တဲ့ ချည်းကပ်ပုံ၊ ချည်းကပ်နည်းတွေ တိုက်ခိုက်တဲ့ တိုက်ခိုက်ပုံ၊ တိုက်ခိုက်နည်းတွေ အသုံးပြုတဲ့ နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေ ဒါတွေကတော့ ကွဲပြားမှု အမြဲတမ်းရှိပါတယ်။ ဒါကတော့ ဒီတစ်နိုင်ငံတည်း တင် မဟုတ်ဘူးလေ၊ ကမ္ဘာပေါ်မှာလည်း ဒီအတိုင်း စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ဗျူဟာတွေက ခေတ်အလိုက် တိုးတက်ပြောင်းလဲ နေကြတာ‌တွေ အများကြီးပေါ့၊ အဲဒီတော့ သုတေသန အဖွဲ့အစည်း တစ်ရပ်အနေနဲ့ ကျနော်တို့ စောင့်ကြည့်ပြီး‌တော့ သုတေသန ပြုရမယ့် အပိုင်းတွေတော့ အများကြီးရှိတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ ပြောင်းလဲ လာတဲ့ ခေတ်အလိုက် သုံးစွဲသူတွေအတွက် ခုနပြောသလို စစ်ပွဲကို စစ်ပွဲရဲ့ ဘောင်ထဲမှာ ဝင်နေကြတဲ့ သူတွေက လည်း ပြောင်းလဲတာမျိုး ရှိတယ်၊ ဒါကတော့ လေ့လာသုံးသပ်စရာ ကိစ္စတစ်ခု အနေနဲ့လွဲလို့ ကျန်တဲ့ ထွေထူး မှတ်ချက်ကတော့ မရှိပါဘူး” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခအတွင်း မြန်မာ့တပ်မတော်ဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာသည်ဟု သုံးသပ်မှုများ ရှိနေသည်။