CNI International News

ဗီယက်တိုင်း၊ မေလ ၂၄

ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ဘယ်ဂိုရော့ဒ် (Belgorod) ဒေသတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့သော လက်သည်တရားခံများကို စက်ဆုပ်ဖွယ်ကောင်းသူများဟု သတ်မှတ်ခဲ့ကာ ယင်တို့ကို ကြွက်များကဲ့သို့ သုတ်သင်ရှင်းလင်းသွားရမည်ဟု ပြောခဲ့ကြောင်း တာ့စ်သတင်းတွင် ဖော်ပြသည်။

ထိုသူများကို စက်ဆုပ်ဖွယ်ကောင်းသူများဆိုသည်မှလွဲ၍ တခြားခေါ်စရာမရှိကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍ မည်သို့ကိုင်တွယ်ဆောင်ရွက်မည်ကို မေးစရာရှိကြောင်း၊ ၎င်းတို့ကို အကျဉ်းသားများအဖြစ် ဖမ်းဆီးခြင်းပင် မလုပ်ဘဲ ကြွက်များကဲ့သို့ သဘောထားကာ သုတ်သင်ရှင်းလင်းရမည်ဖြစ်ကြောင်း မက်ဗီဒက်ဗ်က ပြောခဲ့သည်။

ယခုကဲ့သို့ တိုက်ခိုက်မှုများသည် ၎င်းတို့နှင့် ပတ်သက်ခြင်းမရှိဟု ယူကရိန်းဘက်က မည်သို့ပင်ငြင်းဆိုစေကာမူ ယင်းသည် အလိမ်အညာသာဖြစ်ကြောင်း၊ ယူကရိန်းဘက်က လိမ်ညာနေကြောင်း ရုရှားမြေပေါ်တွင် ဖြစ်ပွား ခဲ့သောတိုက်ခိုက်မှုများနှင့်ပတ်သက်၍ တာ့စ်သတင်းဌာနမှ မေးမြန်းမှုအပေါ် လုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ က ပြန်လည်ဖြေကြားခဲ့သည်။

 

တိုက်ခိုက်မှုများအတွက် တာဝန်ရှိမှုများသည် ယူကရိန်းအစိုးရနှင့် ယင်း၏ စပွန်ဆာများဖြစ်သော အမေရိကန်၊ အီးယူ၊ ဗြိတိန်နှင့်တခြားသောနိုင်ငံများပင်ဖြစ်ကြောင်း၊ ယင်းက ၎င်းတို့၏ တိုက်ရိုက်တုန့်ပြန်မှုပင်ဖြစ်ကြောင်း လည်း မက်ဗီဒက်ဗ်က အခိုင်အမာ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ယူကရိန်းဘက်က တော်လှန်ပုန်ကန်ရေးအဖွဲ့တစ်ခုသည် ရုရှားနိုင်ငံ ဘယ်ဂိုရော့ဒ် ဒေသ၏ ဂရိုင်ဗိုရွန် (Graivoron) ခရိုင်သို့ ဝင်ရောက်ခဲ့ပြီး ပထမနေ့တိုက်ပွဲများတွင် လူရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ အုပ်ချုပ်ရေးမှူး၏အဆိုအရ တိုက်ပွဲ ဒုတိယနေ့တွင် ယူကရိန်းစစ်သွေးကြွများ ဝင်ရောက်လာသည့် ရွာအတွင်းမှ လူနောက်ထပ်နှစ်ဦးထပ်မံ ဒဏ်ရာရရှိခဲ့ကာ ရွှေ့ပြောင်းမှုများအတွင်း အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ထိုသို့တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဘယ်ဂိုရော့ဒ်ဒေသတွင် အကြမ်းဖက်မှုနှိမ်နင်းရေး အခြေအနေတစ်ရပ်ကို ကြေညာထားကာ ယူကရိန်းမှ အဖျက်သမားများကို ရုရှားမြေပေါ်မှ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် ကြိုးပမ်းမှု များကိုလည်းလုပ်ဆောင်လျက်ရှိသည်။ ဒေသခံများအတွက် ယာယီရွေ့ပြောင်းရေးစင်တာများကိုလည်း စတာရီ အော့စ်ကို (Stary Oskol)၊ ယာကော့လတ်ဗ်ကာ (Yakovlevka) နှင့် အိုင်ဗန်ယန်ကာ (Ivanyanka) ခရိုင်တို့တွင် ဖွင့်လှစ်ထားသည်ဟု သိရသည်။

Source:Tass