CNI International News

ကိယက်ဗ်၊ ဒီဇင်ဘာ ၃၀

သီတင်းပတ်များအတွင် အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများအဖြစ် ကြာသပတေးနေ့တွင် ရုရှားဘက်က ယူကရိန်းသို့ ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ရာ ဓာတ်အားပေးစက်ရုံများနှင့် တခြားသော အရေးပါသည့် အခြေခံ အဆောက်အဦများ ပျက်စီးခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။

ဓာတ်အားပေးစက်ရုံများသို့ ရုရှားဘက်က ဒုံးကျည် ၆၉ လုံး ပစ်ခတ်ခဲ့ပြီး ယူကရိန်းဘက်က ၅၄ လုံးကို ပစ်ချနိုင် ခဲ့သည်ဟု ယူကရိန်းစစ်တပ်အကြီးအကဲက ပြောသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် နိုင်ငံ၏ ဒုတိယအကြီးဆုံး ခါကိဗ် (Kharkiv) မြို့ အနီးတစ်ဝိုက်မှ လူနှစ်ဦးသေဆုံးခဲ့ပြီး အနည်းဆုံး လူခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအရာရှိများက ပြောသည်။ ထိခိုက်သေဆုံးသူအရေအတွက်မှာ ထပ်မံမြင့်တက်လာနိုင်ဖွယ် ရှိသည်။

ရုရှားသည် ဖောက်ခွဲရေးဒရုန်းများဖြင့် ဦးစွာတိုက်ခိုက်ခဲ့ကာ နောက်ပိုင်းတွင် လေကြောင်းနှင့် ပင်လယ်ပြင် အခြေစိုက်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ယူကရိန်းလေတပ်က ပြောသည်။ ထိုတိုက်ခိုက်မှုများကြောင့် ယူကရိန်းတစ်နိုင်ငံလုံးတွင် လေကြောင်းအချက်ပေးသံများ ဆူညံခဲ့ပြီး စစ်တပ်က လေကြောင်းကာကွယ်ရေး စနစ်များကို စတင်ခဲ့ရသည်ဟုလည်း သိရသည်။

ဗုံးဒဏ်မှအကာအကွယ်ယူရန် ကိယက်ဗ်မြို့ရှိ မြေအောက်ရထားဘူတာရုံတွင် လာရောက်တိမ်းရှောင်နေကြ သူများ(ဓါတ်ပုံ-အေပီ)

ရုရှားသည် အောက်တိုဘာလမှစတင်ကာ ယူကရိန်းရှိ လျှပ်စစ်နှင့်ရေထောက်ပံ့ရေး အခြေခံအဆောက်အဦများကို သီတင်းပတ်တိုင်းလိုလို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော်လည်း မြေပြင်တွင် ရုရှားတပ်များသည် ရှေ့တိုးရန် ရုန်းကန် နေရသည်။
ယခု တိုက်ခိုက်မှုများသည် အဓိပ္ပါယ်မရှိသော ရက်စက်ကြမ်းကြုတ်မှုများသာဖြစ်သည်ဟု ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။ ယခုကဲ့သို့ စစ်ရာဇဝတ်မှုများကို အစုလိုက်အပြုံလိုက်လုပ်ဆောင်နေချိန်တွင် ကြားနေဝါဒ ရှိနေမည်မဟုတ်ကြောင်း၊ ကြားနေဟု ကိုယ့်ကိုယ်ကို သတ်မှတ်ထားသူများသည် ရုရှားဘက်ကသာဖြစ်ကြောင်း လည်း ဝန်ကြီးက သူ၏တွစ်တာတွင် ရေးသားခဲ့သည်။ ၁၀ လကြာ တိုက်ပွဲအတွင်းတွင် ရုရှားနှင့် ယူကရိန်းနိုင်ငံ တို့သည် ရှေ့မတိုးသာ နောက်မဆုတ်သာ အနေအထားတွင်ရှိနေသည်။

ယူကရိန်းစစ်တပ်သည် ရုရှားဘက်မှ သိမ်းယူခဲ့သည့် နိုင်ငံ့တောင်ဘက်နှင့် အရှေ့မြောက်ဘက်မှ ဒေသများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကာ ရုရှားတို့၏ ဒွန်ဘတ်စ် (Donbas) ဒေသကို သိမ်းယူရန် ထိုးစစ်ဆင်မှုကိုလည်း ထိန်းထားနိုင်လျက်ရှိသည်။

Source:AP