CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှ ကျေးရွာအုပ်စုအချို့တွင် အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်ရာတွင် ဗမာလူမျိုးမဟုတ်သူများကို လူမျိုးနာမည်မှာ ဗမာလူမျိုးဟု ထည့်သွင်းထားကြောင်း ဒေသခံများက ပြောသည်။

ရှမ်း၊ ပလောင်၊ ကချင် စသည့် လူမျိုးစုများ၏ နေရာတွင် ဗမာလူမျိုးဟု ထည့်သွင်းခြင်းမှာ မဖြစ်သင့်ကြောင်း ၎င်းဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့နယ်မှ လွယ်ဟွမ်အုပ်စု ဒေသခံတစ်ဦးက “ကျ‌နော်တို့ ဒေသမှာပေါ့၊ နမ့်ခမ်းမြို့နယ်မှာပေါ့နော်၊ တခြား မြို့နယ်လည်း ဖြစ်ကောင်းဖြစ်မှာပေါ့နော်၊ မနေ့က ကျနော်တို့ဆီ ဝင်လာတဲ့ သတင်းက ရွေးကောက်ပွဲဝင်ဖို့ အတွက်ပေါ့နော်၊ စာရင်းတွေ လိုက်ကောက်နေတယ်၊ စာရင်းတွေ လိုက်ကောက်တော့ သူတို့က ကျေးရွာအုပ်စုတွေ ပေါ့နော်၊ အုပ်ချုပ်ရေးမှူးတွေ အသီးသီးပေါ့၊ နမ့်ခမ်းမြို့နယ်ဆီ သူတို့က ပို့ပေးတဲ့ စာရင်းဇယားပေါ့၊ စာရင်းဇယား တွေ ပို့တဲ့ အချိန်မှာ ဥပမာ ကျနော်တို့ ဒေသတွေက တိုင်းရင်းသားတွေ အစုံရှိတာပေါ့နော်၊ အဲဒီတိုင်းရင်းသား အစုံ ရှိတဲ့ အထဲမှာ မဲထည့်နိုင်တဲ့ လူဦးရေ စာရင်းကောက်တာပေါ့နော်၊ အခု လဝက အလုပ်ပေါ့နော်၊ လဝက အလုပ် ကောက်တော့ သူတို့ စာရင်းက အမှားကြီး ဖြစ်နေတယ်၊ ပို့ပေးတဲ့ အုပ်စုတွေက တောင်ပေါ်ကအုပ်စု၊ ကျေးလက် က အုပ်စုတွေက တခြားတိုင်းရင်းသားကို အကုန်ဗမာလူမျိုးတွေ အကုန်ထည့်ထားတယ်၊ ဆိုတော့ ဥပမာ ပလောင် တို့၊ ရှမ်းတို့ ကချင်တွေ အဲဒါတွေကို မထည့်ဘဲ လူမျိုးနေရာမှာ ဗမာဆိုတဲ့ အကုန်ကုန်ထည့်လိုက်တယ်၊ အဲဒါ ကျေးလက်က အုပ်စုတွေ ကျနော်တို့ဆီ သတင်းတက်လာတယ်၊ ဒါမဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ကိစ္စပေါ့၊ ဥပမာ ဒါမျိုး လူမျိုးကို ပြောင်းတဲ့ သဘောဖြစ်သွားတာပေါ့နော်” ဟု ပြောသည်။

နမ့်ခမ်း လဝကမှ ၂၀၂၀ ခုနှစ်က မှတ်ပုံတင်ကတ်များထုတ်ပေးခြင်း အခမ်းအနားကျင်းပနေစဉ်

အချို့ကျေးရွာများမှာ တစ်ရွာလုံး ရှမ်းရွာ၊ ပလောင်ရွာများ ဖြစ်သော်လည်း လူမျိုးနာမည်တွင် ရှမ်း၊ ပလောင်ဟု ထည့်သွင်းရာတွင် ၁၀ ဦးခန့် မပြည့်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ လူမျိုးနာမည် မှားယွင်းမှုအား ပြန်လည် ပြင်ဆင်ပြီးပြီဖြစ်ကြောင်း လွယ်ဟွမ်ကျေးရွာအုပ်စုမှ ဒေသခံ တစ်ဦးက CNI သတင်းဌာနကို‌ ပြောသည်။

၎င်းက “သူတို့မှားတယ်လို့တော့ ပြောတာပဲ၊ ပြန်တော့ ပြင်ပြီးပြီ၊ ကျနော်တို့ကတော့ မသိပါဘူး၊ နည်းနည်းပါးပါး တော့ တစ်အုပ်စုစာလောက်ပဲ၊ အဲဒါမှားတာ ကျန်တဲ့ဟာတွေတော့ ကျ‌နော်တို့က တွေ့ရှိတယ်၊ သူတို့က မနေ့က တင်ပြလိုက်တာ သူတို့ကတော့ ကွန်ပျူတာရဲ့ အန်တာလောက်ပေါ်မှာ မူတည်တယ်တဲ့ အဲဒါ ကလေးတွေရဲ့ မှောက်မှားမူကြောင့် ပြောတာပဲ၊ ပြန်လည်ပြုပြင်ပေးပါမယ်လို့တော့ ပြောတာပဲ” ဟု ပြောသည်။

နမ့်ခမ်းမြို့ အဝင်ကိုတွေ့ရစဉ်

ယခင်ကတည်းက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ရာတွင် အလုပ်ရှုပ်မခံချင်၍ တစ်မျိုးထဲ ရေးထည့်သည့် ဖြစ်စဉ်မျိုးလည်း ရှိခဲ့ဖူးကြောင်း တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပသွားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)က ပြောကြားထားသည်။

ထို့နောက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လူဦးရေ သန်းခေါင်စာရင်းများ နိုင်ငံအတွင်း လိုက်လံကောက်ယူ နေသလို မှတ်ပုံတင်မရှိသူများ (သို့မဟုတ်) ပျောက်ရှနေသူများကိုလည်း မှတ်ပုံတင်များ ထုတ်ပေးနေကြောင်း သိရသည်။