CNI International News

ကိယက်ဗ်၊ ဩဂုတ် ၁၉

ရုရှားထံမှ ယခင်က ဝယ်ယူထားမိသည့် လက်နက်များကို ပြန်လည်စဉ်းစားရန် လိုအပ်ကြောင်း အရှေ့တောင် အာရှနိုင်ငံများကို ယူကရိန်းက တိုက်တွန်းခဲ့သည်ဟု ဩဂုတ် ၁၈ ရက် ရက်စွဲဖြင့် South China Morning Post သတင်းစာက ရေးသားဖော်ပြသည်။

ထို့နောက် မော်စကို(ရုရှား)၏ စစ်မြေပြင်စွမ်းဆောင်ရည် ညံ့ဖျင်းမှုမှာ ၎င်း၏ လက်နက် အရည်အသွေးနှင့် ပတ်သက်၍ သတိပေး ချက်တစ်ခု ဖြစ်ကြောင်း ယူကရိန်းဘက်က ဆက်လက်ပြောသည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာသည် ဩဂုတ် ၁၇ ရက်တွင် အာရှဒေသမှ သတင်းထောက်များနှင့် တွေ့ဆုံ၍ အင်တာဗျူး ဖြေကြားစဉ် This Week in Asia ကဏ္ဍမှ မေးမြန်းမှုကို အထက်ပါအတိုင်း သဘောထား မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။
ယူကရိန်း-ရုရှား ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် ရုရှား၏ လက်နက် တင်ပို့မှုပုံစံမှာ ပုံစံပြောင်းလဲနေပြီဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောကြားခဲ့ကြသည်။

ရုရှားသည် အမေရိကန်ပြီးလျှင် ကမ္ဘာ့ဒုတိယ လက်နက်တင်ပို့ ရောင်းချမှု အများဆုံးနိုင်ငံ ဖြစ်သော်လည်း အရှေ့ တောင် အာရှတွင်တော့ ရုရှားက ထိပ်ဆုံးမှ ရပ်တည်နေသည်။

ရုရှား စစ်လက်နက် ပြပွဲမှာ ပူတင်နဲ့ကာကွယ်ရေး၀န်ကြီးကိုတွေ့ရစဉ် (GETTY IMAGES)

အဆိုပါ လက်နက်သွင်းကုန်များကို ကိုယ်ကျင့်တရားနှင့် လက်တွေ့ကျသော အကြောင်းပြချက်များဖြင့် ရှောင်ရှား ကြရန်မှာ အရှေ့တောင်အာရှဒေသတွင်းရှိ အစိုးရများအပေါ် တာဝန်ရှိကြောင်း ကူလီဘာက ဆက်လက် ပြော ကြားခဲ့သည်။

ယခုပြိုင်ဆိုင်နေခြင်းထက် စော၍ ရုရှားလက်နက်များကို ထုတ်လုပ်ထားပြီးသားဖြစ်ကြောင်း မော်စကိုမြို့ပြင်တွင် ကျင်းပသည့် လက်နက်ပြပွဲ၌ သမ္မတ ဗလာဒီမာပူတင် ပြောကြားခဲ့ပြီး နှစ်ရက်အကြာတွင် ကူလီယာ၏ အထက်ပါ သဘောထား မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“ရုရှားဆီက လက်နက်ဝယ်ဖို့ စဉ်းစားတဲ့သူတွေဟာ ဒီလက်နက်တွေရဲ့ အဖျက်စွမ်းအားကို ယူကရိန်းရဲ့ အတွေ့ အကြုံကနေ အရင်ဆုံး လေ့လာသင့်ပါတယ်” ဟု Zoom ဖြင့် အွန်လိုင်းအင်တာဗျူး၌ ကူလီဘာက ထပ်လောင်း ပြောကြားခဲ့သည်။

“ခင်ဗျားတို့ အနေနဲ့ ပြပွဲတစ်ခုမှာ အင်မတန် ကြည့်ကောင်းတယ်ဆိုပြီးတော့ ငွေကြေး သန်းနဲ့ချီ၊ ကုဋေနဲ့ချီပြီး ချမသုံးကြစေချင်ဘူး။ ဒါပေမယ့် စစ်မြေပြင်အတွက်တော့ တချို့ဟာတွေက အလုပ်မဖြစ်ဘူး” ဟု ၎င်းက ရှင်းပြ သည်။

၎င်းတို့ ရရှိထားသော အချက်အလက်များအရ ရုရှားသည် ခေတ်မီပြီး တိကျသည့် လက်နက်များ ပြတ်တောက်မှု နှင့် ရင်ဆိုင်နေရသော်လည်း ဆိုဗီယက်ခေတ်ဟောင်းမှ လက်ကျန် စစ်သုံးကိရိယာများစွာ ရှိနေသေးကြောင်း၊ ရုရှား၏ သူရသတ္တိဖြင့် လက်နက်အားလုံးကို ယခင်နှစ်များကဲ့သို့ လိုချင်သလောက် ထုတ်ရောင်းရန် အဆင့်သင့် ဖြစ်မည် မထင်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ကူလီဘာက သတင်းထောက်များကို ပြောကြားခဲ့ သည်။

ရုရှားရဲ့ စစ်လက်နက်ပြပွဲ (TASS)

၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ အရှေ့တောင်အာရှသို့ ရုရှားလက်နက်တင်ပို့မှု တန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၈၇ ဘီလီယံရှိခဲ့ရာ အလားတူ တရုတ်၏ လက်နက်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

အရှေ့တောင်အာရှတွင် ရုရှားအတွက် အရေးပါသည့် ကာကွယ်ရေးပစ္စည်း ဖောက်သည်များမှာ ဗီယက်နမ်၊ မြန်မာ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ ဖြစ်ကြသည်။

မော်စကိုနှင့် မည်သည့် အရောင်းအဝယ် စာချုပ်ကိုမဆို မျက်နှာပန်းလှအောင် ခြယ်သထားခြင်းအား သတိပြုမိရန် လိုအပ်ကြောင်း၊ ဒုံးကျည်တစ်စင်းကို ရောင်းချခြင်းကိုပင် ရုရှားဝါဒ ဖြန့်ချိရေးထံမှ အစင်းရေ ၁၀၀ ရောင်းချမည်ဟု ပြောဆိုတတ်ကြောင်း ကူလီဘာက ထောက်ပြသွားခဲ့သည်။

Source: South China Morning Post