CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁၉

ယူကရိန်းအတွက် အမေရိကန်က နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိ အကူအညီများ ပေးအပ်ရန် ပြင်ဆင်နေကြောင်း ရိုက်တာသတင်းက ရေးသားထားသည်။

အဆိုပါ အစီအစဉ်ကို ဩဂုတ် ၁၉ ရက်တွင် ကြေညာနိုင်ကြောင်း ထိုအရေးကိစ္စနှင့်နီးစပ်သည့် သတင်းရင်းမြစ် ၃ ခု က ပြောကြားခဲ့သည်ဟု ရိုက်တာက ဖော်ပြထားသည်။

ဂျိုးဘိုင်ဒန်သည် ၎င်း၏ သမ္မတလုပ်ပိုင်ခွင့်ထဲမှ ယူငင်သုံးစွဲနိုင်ခြင်းကို အသုံးပြု၍ ယခုအကူအညီ ပေးအပ်မည် ဖြစ်ကြောင်း၊ ပိုလျှံနေသော လက်နက်များကို အမေရိကန်၏ လက်ကျန်များအဖြစ် လွှဲပြောင်းပေးမည်ဟု ကြားသိရကြောင်း အဆိုပါသတင်းရင်းမြစ်များက ဆက်လက်ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ ၎င်းသတင်းရင်းမြစ်များက “အမေရိကန်၏ကြေညာချက်တစ်စောင်သည် လာမည့် ရက်သတ္တပတ်သို့ ကူးပြောင်းသွားနိုင်ကြောင်းနှင့် ကြေညာချက်မထွက်မီ လက်နက်တန်ဖိုး ကိန်းဂဏန်းအပြောင်းအလဲ ရှိနိုင်ကြောင်း” မှတ်ချက်ချခဲ့ကြသည်။

ယူကရိန်းဆီသို့ အမေရိကန်က ထပ်မံပို့ဆောင်မည့် ဒေါ်လာ သန်း ၈၀၀ စစ်ရေးအကူအညီများကို ပြင်ဆင် နေစဉ်(ဓါတ်ပုံ-ရိုက်တာ)

အထက်ပါသတင်းနှင့်ပတ်သက်၍ အိမ်ဖြူတော်သို့ ရိုက်တာက မေးမြန်းခဲ့ရာ ဖြေကြားဖို့ရန် ငြင်းဆန်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ရုရှားတပ်များ ယူကရိန်းနိုင်ငံထဲသို့ ကျူးကျော်ဝင်ရောက်ချိန်မှစတင်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က အထူးစစ်ဆင်ရေးတစ်ရပ်ဟု ကင်ပွန်းတပ်ခဲ့ပြီး လက်ရှိစစ်ရေးပဋိပက္ခသည် ယူကရိန်း အရှေ့ ပိုင်းနှင့်တောင်ပိုင်းတို့ကို အဓိကအာရုံစိုက်သည့် စစ်ပွဲအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားခဲ့သည်။

နည်းပညာမြင့်၍ ရွေ့လျားနိုင်စွမ်း ပိုမိုကောင်းမွန်သော ဟိမာ့စ် အမြောက်ဒုံးကျည်စနစ် (HIMARS) နှင့် အမြောက် ကျည်ဆန်များ၊ ဂျာဗီလင် (Javelin) တင့်ကားဖျက်ဒုံးစနစ်များ၊ ဖောက်ခွဲရေးပစ္စည်းများ၊ ချေမှုန်းရေးကိရိယာများ အပါအဝင် ကိယက်ဗ်အစိုးရထံသို့ အမေရိကန်က လုံခြုံရေးအကူအညီ ဒေါ်လာဘီလီယံနှင့်ချီ၍ ဆက်တိုက်ပံ့ပိုးနေ ခဲ့သည်။

ယခုနောက်ဆုံးပေးအပ်မည့် အစီအစဉ်တွင် မည်သည့်လက်နက်အမျိုးအစားများ ပါဝင်မည်ကို မသိရကြောင်း ရိုက်တာသတင်းကို ကိုးကား၍ အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

Source: Reuters, Aljazeera