CNI International News

ဝါရှင်တန်၊ ဧပြီ ၂၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့သည် လာမည့်ရက်ပိုင်းအတွင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ရန် ပြင်ဆင်နေသော်လည်း ၂၀၂၅ ခုနှစ်အတွက် ယူကရိန်းအား အကူအညီပေးမည့် အစီအစဉ်သည် သေချာရေရာမှု မရှိသေးကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်အောက်လွှတ်တော်သည် ကာလကြာရှည် နှောင့်နှေးကြန့်ကြာခဲ့ရသည့်  ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ ယူကရိန်းအား စစ်ရေးအကူအညီပေးရေး ဥပဒေမူကြမ်းကို ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုခဲ့သည်။

ထိုစစ်ရေး အကူအညီများသည် ရုရှား၏ ပြင်းထန်သည့် တိုက်ခိုက်မှုများအောက်တွင် လက်နက်ခဲယမ်းများ ပြတ်လပ်နေသော ယူကရိန်းအတွက် မျှော်မှန်းထားသည်ထက် နောက်ကျကာ ရောက်ရှိလာမည်ဖြစ်သည်။

ထို့ပြင် အမေရိကန်သည် လာမည့်နှစ်တွင် ယူကရိန်းအား ကူညီထောက်ပံ့မှုများ ဆက်ပေးရန် ရှိ/မရှိ အာမခံချက် မရှိကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

သို့သော် လက်နက်ကြီးကျည်များ၊ ပစ်မှတ်တိကျသည့် ပဲ့ထိန်းဒုံးကျည်များနှင့် လေကြောင်းကာကွယ်ရေး စနစ်များ သည် ယူကရိန်းစစ်တပ်၏ အနေအထားကို ပြောင်းလဲစေမည်ဆိုသော အချက်ကို အရာရှိများနှင့် ကျွမ်းကျင်သူများ က လက်ခံထားကြသည်။

ဘိုင်ဒန်ကိုတွေ့ရစဉ်

"စစ်ရေးအကူအညီတွေဟာ ယူကရိန်းအတွက် လက်တွေ့အရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ခွန်အားဖြစ်စေပြီး ၂၀၂၄ ခုနှစ် တစ်နှစ်လုံးမှာ လက်နက်ခဲယမ်း မပြတ်လပ်ဘဲ တိုက်ခိုက်နိုင်မှာဖြစ်သလို ပူတင် (Putin)ရဲ့ တစ်ဖက်သတ် ထင်မြင်ချက်တွေ မှားယွင်းတယ်ဆိုတာကို ပြသရာရောက်ပါတယ်" ဟု စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလျံဘန်းစ် က ဧပြီ ၁၈ ရက်တွင် ဒဲလက်စ် (Dallas) မြို့ရှိ Bush Center Forum on Leadership ၌ ပြောကြားခဲ့သည်။

စစ်ရေး အကူအညီပေးမည့် ဥပဒေမူကြမ်းကို လက်မှတ် ရေးထိုးပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ယူကရိန်းသို့ လေကြောင်း ကာကွယ်ရေး စနစ်များနှင့် တာဝေးပစ် လက်နက်များ၊ ခဲယမ်းများ ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု ၎င်းက ဆိုသည်။

"စစ်ရေး အကူအညီတွေ ပို့ဆောင်မှုမှာ အမေရိကန်ဘက်က နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေမှာမဟုတ်ပါဘူး" ဟု ဘန်းစ်က ပြောကြားခဲ့သည်။

ယူကရိန်း-ရုရှား စစ်ပွဲ ဖြစ်ပွားလာသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာချိန်တွင် ယူကရိန်းသည် နိုင်ငံ၏ အရှေ့ပိုင်း နယ်မြေအချို့ကို ဆုံးရှုံးခဲ့ပြီး ရုရှားတပ်ဖွဲ့များသည် အနောက်နိုင်ငံများ၏ ယူကရိန်း အကူအညီများ နှောင့်နှေး ကြန့်ကြာ နေချိန်၌ မြို့များကို ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

Source: ရိုက်တာ