CNI International News

ဘန်ကောက်၊ ဧပြီ ၂၃ ရက် 

မြန်မာနိုင်ငံ၊ မြဝတီမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ လျော့ကျလာပြီး ဆွေးနွေးညှိနှိုင်းမှုများ စတင်နေချိန်တွင် ထိုင်းနိုင်ငံ၊ တာ့ခ် (Tak)ခရိုင်၊ မဲဆောက် (Mae Sot) မြို့ရှိ မြန်မာတိုက်ပွဲရှောင် ဒုက္ခသည် အရေအတွက်သည် ဧပြီ ၂၁ ရက်က ၃၀၀၀ ရှိခဲ့ရာမှ ဧပြီ ၂၂ ရက်တွင် ၁၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

မြဝတီမြို့တွင် မြန်မာ့တပ်မတော်နှင့် KNLA-PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား၍ ဒေသ တွင်းနေ အရပ်သားများသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ပဋိပက္ခနှင့်ပတ်သက်ပြီး နှစ်ဘက်အကြား ဆွေးနွေးနေပြီး မြန်မာအစိုးရ၏ စစ်ကူများသည် ကော့ကရိတ်မှ ရောက်ရှိခဲ့ခြင်းမရှိကြောင်း ထိုင်းစစ်တပ်၏ ဒုတိယဗိုလ်ချုပ်ကြီး ပရာဆန် ဆန်သီရီရက် (Prasan Saengsirirak) က Thai PBS ကို ပြောကြားခဲ့သည်။

ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာတိုက်ပွဲရှောင်တွေကို တွေ့ရစဉ်

တိုက်ပွဲများကြောင့် မြဝတီမှ မဲဆောက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသူ အများစုသည် လက်ရှိတွင် မဲဆောက်မှ ပြန်လည်ထွက်ခွာနေကြသည်။

အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွင် ခြေကျင်သွားလာရသည့် လူသွားစင်္ကြန့်လမ်းနှင့် ကုန်သွယ်ရေး ယာဉ်လမ်းကြောင်းကို ဖွင့်ထားသလို မိုအီမြစ် (သောင်ရင်းမြစ်) တစ်လျှောက်ရှိ တရားဝင် ဆိပ်ခံတံတားများကို လည်း ဖွင့်ပေးထားကြောင်း ပရာဆန်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပစ်ခတ်ခဲ့သည့် ကျည်ဆန်တစ်ခုသည် မဲဆောက်မြို့ရှိ အိမ်တစ်အိမ်ကို ထိမှန်ခဲ့ပြီးနောက် ထိုင်း၏ အမှတ် ၃ တပ်မတော်သည် နယ်စပ်ဒေသတစ်လျောက် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ပရာဆန်က ပြောကြားခဲ့သည်

Source: ဘန်ကောက်ပို့စ်