CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂

ရခိုင်ပြည်နယ်မှ နိုင်ငံရေးပါတီသစ်တစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများပါတီ(RNP)သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပရန်ရှိသော ရွေးကောက်ပွဲအား လက်ရှိအနေအထားအရ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖွယ် မရှိကြောင်း ပါတီတည်ထောင်သူ ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်တိုင်းရင်းသားများပါတီ(RNP)အား တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဇွန်လ ၉ ရက်က ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခွင့်သည် မေလ ၉ ရက်နေ့တွင် ပြီးဆုံးသွားခဲ့ကာ ရွေးကောက်ပွဲမတိုင်ခင်၌ ပါတီမှတ်ပုံတင်ခွင့်များ ထပ်မံခွင့်ပြုပေးနိုင်ဖွယ် မရှိနိုင်ကြောင်း ရခိုင်တိုင်းရင်းသားများပါတီ(RNP) တည်ထောင်သူ ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို တွေ့ရစဉ်

၎င်းက “မရှိဘူး။ အန်ကယ် ရန်ကုန်ရောက်တဲ့အခါ ကြည့်ရမှာပေါ့။ ဒီမှာ ညွှန်ကြားချက် ဘာတွေပါသလဲ။ ဥပဒေ၊ နည်းဥပဒေတွေကို အန်ကယ်တို့ လိုက်နာပြီး ဘယ်လောက်အထိ အန်ကယ်တို့ဘက်မှာ စွမ်းဆောင်ရည်ရှိမလဲ။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ အန်ကယ်တို့ အဲဒီလို မတွေ့မိဘူးလို့ထင်တာပဲ။ ၂၀၁၀ ရွေးကောက်ပွဲ အလွန်မှာမှ NLD တို့ မှတ်ပုံတင်ပြီးတော့ ‌ရွေးကောက်ပွဲတွေမှာ ဝင်လာတာတွေ့တယ်။ ဒါက UEC ရဲ့ သဘောထား၊ သက်ဆိုင် ရာ အာဏာရလာမယ့် အစိုးရရဲ့သဘောထား သူတို့ ၂ ခုနဲ့တော့ တိုက်ရိုက် အချိုးကျမယ်ထင်တာပဲ။ ပါတီ မှတ်ပုံတင်ခွင့်ရမှာ ပါတီရပ်တည်လို့ရမှာ။ အခုက ပါတီရပ်တည်ဖို့ ပေးတာမှမဟုတ်တာ။ ပါတီတည်ထောင်မယ် ဆိုရင် ခင်ဗျားတို့ ပါတီထောင်လို့ ရတယ်ဆိုပြီး ပြောတဲ့ဟာပဲ။ ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းထားတဲ့ အချက်တွေ အများကြီးရှိတာပဲ အဲဒါတွေကို အန်ကယ်တို့က လိုက်နာပြီးတော့ ဆောင်ရွက်ပေးရမှာ။ သူက မေလ ၉ ရက်နေ့မှာ (ပါတီမှတ်ပုံတင်ခွင့်) နောက်ဆုံး သတ်မှတ်လိုက်တယ် ထင်တယ်။ နောက်ပိုင်းမှာ ရွေးကောက်ပွဲတွေ ဘာတွေ ပြီးတဲ့အခါလည်း ဆက်ပြီးတော့ ပါတီတွေ လျှောက်ထားတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာလည်း အဲဒီလိုလုပ် တာတွေ တွေ့ခဲ့တယ်လေ။ NLD တို့ မှတ်ပုံပြန်တင်ပြီးတော့ ရွေးကောက်ပွဲတွေ ဝင်လာကြတယ်ဆိုတာ။ ၂၀၁၀ တုန်းက NLD က စားပွဲပေါ်မှာရှိတဲ့ နိုင်ငံရေးပါတီမှ မဟုတ်တာ” ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို ဧပြီလ ၈ ရက်နေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး နှစ်လအကြာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ရွေးကောက်ပွဲကော်မရှင်ထံသို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် လျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားသည်။

ရခိုင်တိုင်းရင်းသားများပါတီ တည်ထောင်သူ ဦးဘရှိန်ကို တွေ့ရစဉ်

လက်ရှိတွင် ရခိုင်တိုင်းရင်းသားများပါတီ(RNPသည် ပါတီဝင်အင်အား မရှိသေးသလို ပါတီမူဝါဒများလည်း မချမှတ်ရသေးကြောင်း ပါတီတည်ထောင်သူ ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပါတီမူဝါဒတွေကို ပါတီမှတ်ပုံတင်ဖို့ လျှောက်တဲ့အခါ အဲဒါတွေအကုန်လုံးကို UEC ကို တင်ပြရမှာပေါ့။ ပါတီထူထောင်ဖို့ လျှောက်ထားတဲ့လူတွေ ဆွေးနွေးပြီးတော့ ဒါတွေကို ပါတီရဲ့မူဝါဒ လုပ်ငန်းစဉ်အဖြစ်နဲ့ သတ်မှတ် ကြပြီဆိုရင် အဲဒီလို သတ်မှတ်တဲ့ဟာတွေကို UEC ကို တင်ပေးရမှာပေါ့။ အဲဒီသတ်မှတ် ပေးလိုက်တဲ့ဟာကို UEC က သဘောကျတဲ့ဟာတွေ ရှိကောင်းရှိနိုင်သလို၊ သဘောမကျတဲ့ဟာတွေ ရှိပြီးတော့ ဒါတွေဘာညာလို့ ပြော ကောင်းလည်း ပြောမှာပေါ့။ အဲဒီလိုဆိုရင် အန်ကယ်တို့က ဘာတွေပြန်ပြီးတော့ ဘယ်လိုဖြေရှင်းချက် ပေးရမလဲ အဲဒါတွေကို အန်ကယ်တို့က ပါတီထူထောင် ချင်တယ်ဆိုတော့ ကိုယ်ကလိုချင်တဲ့ အလုပ်ကို ကိုယ်လုပ်ရမှာပေါ့” ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို တည်ထောင်သူ ဦးဘရှိန်သည် ယခင်က ရခိုင်အမျိုးသားပါတီ(ANP) တွင် မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်ပြီး ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်း ဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ(RSNUP)၊ မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့သည်  UEC တွင် မှတ်ပုံတင်ခွင့် ပြုထားသော  ပါတီများဖြစ်သည်။