CNI International News

ဗီနီးယက်စ်၊ ဧပြီ ၄

ရုရှားနိုင်ငံမှ ဓာတ်ငွေ့ တင်သွင်းမှု အားလုံးကို ရပ်တန့်ဖြတ်တောက်လိုက်ကြောင်း လစ်သူယေးနီးယားနိုင်ငံက ကြေညာလိုက် သဖြင့် ၎င်းနိုင်ငံသည် ရုရှားဓာတ်ငွေ့ကို သုံးစွဲနေသည့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၂၇ နိုင်ငံအနက် မော်စကိုအပေါ် စွမ်းအင် အတွက် မှီခိုနေရမှု ကင်းမဲ့စေရေး ပထမဆုံးလုပ်ဆောင်သည့် နိုင်ငံဖြစ်လာကြောင်း အေပီသတင်းအရ သိရသည်။

“ယူကရိန်းသို့ ကျူးကျော်စစ်ကို တုံ့ပြန်သည့် အနေဖြင့် ဥရောပတွင် ရုရှားဓာတ်ငွေ့ မှီခိုသုံးစွဲနေခြင်းကို လုံးဝစွန့်လွှတ်လိုက် ကြောင်း” လစ်သူယေးနီးယား စွမ်းအင်ဝန်ကြီးဌာနက ဧပြီ ၂ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီအမံသည် ယခု ဧပြီလဆန်းမှစတင်၍ အသက်ဝင်ကြောင်း ယင်းထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

လစ်သူယေးနီးယားသည် ဧပြီ ၂ ရက်တွင် ရုရှားဓာတ်ငွေ့တင်သွင်းမှုကို သုညအထိ လျှော့ချခဲ့ပြီး ယခင်ဆိုဗီယက်အုပ်စုဝင် နိုင်ငံဟောင်း တစ်နိုင်ငံအနေဖြင့် လွတ်လပ်စွာ စွမ်းအင်သုံးစွဲနိုင်ရေး သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

“ရုရှားဓာတ်ငွေ့ထောက်ပံ့မှု Gazprom ကနေ ရုန်းထွက်နိုင်ခဲ့တဲ့ ပထမဆုံး EU နိုင်ငံဟာ ကျနော်တို့ပါပဲ။ ဒီလိုရုန်းထွက်နိုင် တာဟာ နှစ်ပေါင်းများစွာ ပေါင်းစပ် စွမ်းအင်မူဝါဒနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ဆုံးဖြတ်ချက်တွေ အချိန်မီ ချမှတ်နိုင်ခဲ့ တဲ့ ရလဒ်ဖြစ်ပါတယ်” ဟု လစ်သူယေးနီးယားစွမ်းအင်ဝန်ကြီး ဒိုင်နီးယပ်စ်ကရိဗက်စ်က ပြောသည်။

ရုရှားဓာတ်ငွေ့ကို ဂျာမနီ ဝယ်ယူ(AP)

လစ်သူယေးနီးယားသမ္မတ ဂီတာနက်စ်နျူစီဒါက ၎င်း၏ တွစ်တာစာမျက်နှာတွင် ပို့စ်တစ်ခုတင်၍ အခြား ဥရောပနိုင်ငံများ လည်း အလားတူ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။

“ဒီလကစပြီးတော့ လစ်သူယေးနီးယားမှာ ရုရှားဓာတ်ငွေ့ မသုံးတော့ပါဘူး။ စစ်မက်လိုလားသူနဲ့ စွမ်းအင်ချိတ်ဆက်မှု ဒီကနေ့ မရှိစေဖို့ ကျန်ခဲ့တဲ့ နှစ်တွေကတည်းက ကြိုးစား လုပ်ဆောင်ခဲ့ရပါတယ်။ ကျနော်တို့တောင် လုပ်နိုင်ရင် တခြားဥရောပနိုင်ငံ တွေလည်း လုပ်နိုင်မှာပါ” ဟု နျူစီဒါက တွစ်တာတွင် ရေးသားခဲ့သည်။

၂၀၁၅ ခုနှစ်အထိ လစ်သူယေးနီးယား နိုင်ငံအတွက် ဓာတ်ငွေ့ထောက်ပံ့မှု ရာနှုန်းပြည့် နီးပါးကို ရုရှားထံမှ တင်သွင်းခဲ့ရသော် လည်း ၂၀၁၄ ခုနှစ်က ကလိုင်ပဲဒါ ဆိပ်ကမ်းမြို့တွင် တည်ဆောက်ခဲ့သော ကမ်းလွန် LNG တင်သွင်းရေးဂိတ် တည်ဆောက် ပြီးနောက်ပိုင်း စွမ်းအင်သုံးစွဲမှု အခြေအနေမှာ သိသာစွာ ပြောင်းလဲသွားခဲ့သည်။

ယမန်နှစ်တွင် လစ်သူယေးနီးယား၏ ဓာတ်ငွေ့ ၂၆ ရာခိုင်နှုန်းကို ရုရှားပိုက်လိုင်းမှ ရယူခဲ့ပြီး ၆၂ ရာခိုင်နှုန်းမှာ ကလိုင်ပဲဒါ ဆိပ်ကမ်း LNG ဂိတ်မှတဆင့် ရယူခဲ့သည်။ ကျန် ၁၂ ရာခိုင်နှုန်းကိုတော့ အိမ်နီးချင်း လတ်ဗီယားနိုင်ငံရှိ ဓာတ်ငွေ့သို လှောင်မှု စနစ်မှ တင်သွင်းကြောင်း သိရသည်။

Source: AP