CNI International News

ဒမတ်စကတ်၊ ဇန်နဝါရီ ၂၈

ဇန်နဝါရီ ၁၈ ရက်က ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) သည် ရက်ကာ (Raqqa) နှင့် ဒိုင်ယာအက်ဇော (Deir Az Zor) မြို့များမှ  ဆုတ်ခွာမည်ဟု ကြေညာလိုက်ခြင်းသည် ဆီးရီးယားအရှေ့မြောက်ပိုင်းအတွက် အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထိုကြေညာချက်သည် နိုင်ငံအတွင်းရှိ လူမျိုးစုများနှင့် ဒေသခံများကြား မတူကွဲပြားသော ခံစားချက်များကို ဖြစ်ပေါ်စေခဲ့ပြီး ပျော်ရွှင်မှုနှင့် စိုးရိမ်မှုများကို ပေါ်ပေါက်လာစေခဲ့သည်။

တစ်ဖက်တွင် ဆယ်စုနှစ်တစ်ခုကြာ ပဋိပက္ခများအပြီး တည်ငြိမ်မှုကို မျှော်လင့်နေသူများ ရှိသကဲ့သို့ အခြား တစ်ဖက်တွင်မူ မိမိတို့၏ အသက်အန္တရာယ်နှင့် လူမျိုးစု အနာဂတ်အတွက် စိုးရိမ်နေရသူများ ရှိနေသည်။

အာရပ်လူမျိုးအများစု နေထိုင်သည့် ရက်ကာနှင့် ဒိုင်ယာအက်ဇောကဲ့သို့ မြို့များမှ ကာ့ဒ်တပ်ဖွဲ့များဖြစ်သည့် SDF တပ်ဖွဲ့များ ဆုတ်ခွာသွားမှုကို အာရပ်ဒေသခံများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။

ကာ့ဒ် SDF တပ်ဖွဲ့ကိုတွေ့ရစဉ်

ကာ့ဒ်တပ်ဖွဲ့များ ဦးဆောင်သော အုပ်ချုပ်ရေးအောက်တွင် နှစ်ရှည်လများ ဖိနှိပ်ခံခဲ့ရသည်ဟု ယူဆခဲ့ကြသည့် အာရပ်မျိုးနွယ်စုများသည် ယခုအခါတွင် မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲခွင့်ရမည်ဟု မျှော်လင့်နေကြသည်။

သို့သော် ထိုမြို့များတွင် နေထိုင်သည့် ကာ့ဒ်လူမျိုးစုများနှင့် SDF အဖွဲ့ကို ထောက်ခံခဲ့သူများအတွက်မူ ယခု အပြောင်းအလဲသည် ၎င်းတို့၏ အသက်ရှင်သန်ရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။

ဆီးရီးယားသမ္မတ အာမက် အယ်လ် ရှာရား (Ahmed al-Sharaa) ၏ အစိုးရတပ်ဖွဲ့များနှင့် အာရပ် လက်နက်ကိုင် များက ၎င်းတို့အား လက်စားချေ သတ်ဖြတ်မည့် အရေးကို ကာ့ဒ်လူမျိုးစုက စိုးရိမ်နေကြသည်။

ထို့ကြောင့် ထောင်နှင့်ချီသည့် ကာ့ဒ်မိသားစုများသည် အလွန်အေးသည့် ဆောင်းရာသီအတွင်း ၎င်းတို့၏ နေအိမ် များကို စွန့်ခွာကာ SDF တပ်ဖွဲ့များ ထိန်းချုပ်ထားဆဲဖြစ်သော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသများသို့ ထွက်ပြေး နေကြသည်။

ဆီးရီးယားနိုင်ငံတွင် စစ်အာဏာရှင်ဟောင်း ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) ပြုတ်ကျခဲ့ပြီးနောက် တည်ငြိမ်မှုရရန် ကြိုးပမ်းနေသော်လည်း လူမျိုးစုများကြား ယုံကြည်မှု ပျက်ပြားနေခြင်းနှင့် လက်စားချေလိုသည့် ဆန္ဒများက စစ်ပွဲသစ် တစ်ခုဆီသို့ ဦးတည်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။

လက်ရှိတွင်လည်း SDF တပ်ဖွဲ့များ ဆုတ်ခွာသွားမှုအပေါ် အောင်ပွဲခံခြင်းနှင့် ထိတ်လန့်နေခြင်းဆိုသည့် ဆန့်ကျင် ဘက် ခံစားချက်နှစ်ရပ်မှာ ဆီးရီးယား၏ အနာဂတ် ပြန်လည်သင့်မြတ်ရေးအတွက် အကြီးမားဆုံး အတားအဆီး ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Al Jazeera