CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့တွင် လုံခြုံမှုအားနည်းလာ၍ စီးပွားရေးလုပ်ငန်းများလည်း အဆင်မပြေမှုများ ရှိလာနေကြကြောင်း ဒေသခံများထံမှ သိရသည်။
အဓိကအားဖြင့် လက်ရှိ မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးနှင့် အနီးဆုံးမြို့ ဖြစ်ခြင်းနှင့် ရခိုင်ဒေသခံများ ဧရာဝတီတိုင်းဒေသကြီးဘက်သို့ တိုက်ပွဲ ရှောင်လာကြသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးတွင် လုံခြုံရေး အားနည်းလာသလို အစစ်အဆေးများ တင်းကြပ်လာသည်။
ထို့နောက် လုံခြုံရေးအခြေအနေကို အကြောင်းပြ၍ တပ်မတော်က စစ်မှုထမ်းရန်အတွက် ခေါ်ဆိုမှုများလည်း ရှိနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဧရာဝတီတိုင်းဒေသကြီးမှ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရခိုင်နဲ့ ကပ်နေတဲ့ ဂွနဲ့ ကပ်နေတဲ့ ငသိုင်းချောင်း၊ သာပေါင်း ဒါက ရခိုင်ပြည်နယ်နဲ့ မြို့နယ်ချင်း ကပ်နေ တာလေ။ နောက် ဒီဘက်ကျတော့ ရေကြည်၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း အဲဒီနေရာတွေကတော့ နည်းနည်းလေး စိုးရိမ်ရတဲ့ အခြေအနေပေါ့။ အသွားအလာတွေ အားလုံးထိန်းချုပ်လိုက်တဲ့အတွက် ဒေသခံတွေမှာ နေရ၊ စားရ၊ သွားရ၊ လာရ တာတွေမှာ နည်းနည်းတော့ ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ နောက်တခါ လိုအပ်ရင် လိုအပ်သလို စစ်မှု ထမ်းဖို့ ခေါ်ရတာတွေ ရှိတဲ့အတွက် ရခိုင်နဲ့ ဆက်စပ်နေတဲ့ မြို့နယ်တွေမှာတော့ နည်းနည်းလေး တောရွာတွေ၊ ဒေသတွေမှာတော့ လုံခြုံမှု နည်းနည်း နည်းလာတာပေါ့” ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စစ်ဆေးနေစဉ်
ထို့အပြင် ၁၁/ မှတ်ပုံတင် ကိုင်ဆောင်ထားသည့် ရခိုင်တိုက်ပွဲရှောင်များကို ဧရာဝတီတိုင်းဒေသကြီး၊ ငွေသောင်ယံ မြို့နယ် ဧရိယာနယ်နိမိတ်အတွင်းတွင် ဒေသအာဏာပိုင်များက နေထိုင်ခွင့် မပြုကြကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထို့ကြောင့် ငွေသောင်ယံတွင် ရောက်ရှိနေကြသည့် ရခိုင်တိုက်ပွဲရှောင်များသည် တဲထိုး၍ နေနေကြရသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တိုက်ပွဲရှောင်များနှင့်အတူ AA ရောနှောပြီး ဝင်ရောက်လာမည်ကို စိုးရိမ်သည့် အတွက် မြို့ အဝင်/အထွက်များကို အစစ်အဆေး တင်းကြပ်ထားခြင်းကြောင့် ဒေသခံများ သွားရေးလာရေးနှင့် လုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲ ဖြစ်နေကြသည်။
အဓိကအားဖြင့် ရခိုင်ရိုးမ၏ အရှေ့ဘက်ဒေသများသည် ပို၍ အဆင်မပြေ ဖြစ်နေကြသည်ဟု ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ပုသိမ်မြို့အဝင်ကို တွေ့ရစဉ်
၎င်းက “ရခိုင်ရိုးမရဲ့ အရှေ့ဘက် အဆက်ကလေးက ဧရာဝတီတိုင်း ပိုင်တာကိုး။ အဲဒီမှာ ထင်းခွေကြ၊ မီးသွေး ဖုတ်ကြ၊ နောက်တခါကျတော့ အဲဒီမှာ သီဟိုဋ်တို့ ဘာတို့ စိုက်ပြီးတော့ အကောင်ပလောင်လေးတွေ မွေး၊ နှစ်ရှည်သီးတွေ စိုက်၊ အဲဒီမှာ သီဟိုဋ်စေ့ ဘာညာ လုပ်တဲ့သူတွေကတော့ အခု သွားရေး၊ လာရေး၊ နေရေး၊ ထိုင် ရေး၊ စားရေး၊ သောက်ရေးက အခြေအနေ သိပ်ပြီး မကောင်းတဲ့အတွက် ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးအရ တစ်ဖက်ကလည်း တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် အရင် ငြိမ်းချမ်းနေတုန်းကလိုတော့ မလွတ်လပ်တော့ဘူး။ မီးသွေး ဖုတ်လို့လည်း မရတော့ဘူး။ ထင်းခွေလို့လည်း မရတော့ဘူး။ အဲဒီအခြေအနေလေး တွေ ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် ဂွ - ငသိုင်းချောင်း ရိုးမပေါ်ရှိ ကားလမ်းကို အသုံးပြု၍ မြန်မာ့တပ်မတော်၏ စစ်ကူများ ရောက်မလာ နိုင်စေရန် ထိုလမ်းကြောင်းအား AA က ဖြတ်တောက်ထားသလို မြန်မာ့တပ်မတော်ကလည်း ဧရာဝတီတိုင်းဒေသ ကြီးမှ ရခိုင်ပြည်နယ်သို့ ကုန်စည်များ မရောက်စေရန်အတွက် တားဆီးမှုများ ပြုလုပ်လျက်ရှိသည်။