CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ်ကို ဆေးဝါးတင်သွင်းခွင့် ပြုထားပြီ ဖြစ်သော်လည်း စစ်တွေမှတဆင့် တခြားသော မြို့နယ်များသို့ ဆေးဝါးပြန်လည် ဖြန့်ဖြူးရာတွင် အခက်အခဲ ရှိနေကြောင်း ရခိုင်ရှိ ဆေးကုန်သည်များနှင့် ဆေးဝါးဖြန့်ချိသူများထံ မှ သိရသည်။

ရန်ကုန်မြို့မှ တဆင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဆေးဝါးတင်သွင်းရာတွင် နယ်/လုံ ဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် တင်သွင်း၍ ရသော်လည်း စစ်တွေမြို့မှတဆင့် တခြားသော မြို့နယ်များသို့ ပို့ဆောင်ရာ၌ စစ်ဆေးရေးဂိတ်များက ခွင့်ပြုပေးခြင်းမရှိဘဲ စာရွက်စာတမ်းများ တောင်းခံမှုများ လုပ်ဆောင်နေသည်ဟု စစ်တွေမှ ဆေးဝါးဖြန့်ချိ နေသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရန်ကုန်ကနေ စစ်တွေကို လာဖို့လည်း ခက်ခဲတယ်။ ပြည်နယ်အချင်းချင်း မဟုတ်သေးဘူး။ နောက်ပြီး တော့ စစ်တွေရောက်ပြီး တခြားမြို့နယ်ကို ထွက်ဖို့လည်း တော်တော်လေးကို ခက်ခဲနေတယ်။ လောလောဆယ် မြောက်ဦးဆိုရင် ပိုဆိုးတယ်။ ကျောက်တော်ဆိုရင် ပိုဆိုးတယ်။ ကျောက်ဖြူကို ကျနော်တို့ လုံးဝ သယ်ခွင့်မရှိဘူး။ နယ်လုံပါလည်း သယ်ခွင့် မပေးဘူး။ ဒေသန္တရအမိန့်အရ ပေးထားတဲ့ဟာကျတော့ နယ်လုံတင်ဖို့က နည်းနည်း ခက်ခဲတယ်။ ကာစတန်မာက အော်ဒါတင်တာနဲ့ ကျနော်တို့ ပစ္စည်းပို့ဖို့အတွက် ကျောက်ဖြူကို ကျနော်တို့ ပို့မယ် နော် အဲဒါဆိုရင် ကျနော်တို့က နယ်လုံတင်တဲ့အခါမှာ ရက်က နောက်ကျသွားတယ်။ စစ်တွေက ပို့တဲ့ဟာ ဆိုရင် ကျနော်တို့က တစ်ပတ် နှစ်ပတ်လောက် ရောက်မယ်ဆိုတော့ ရန်ကုန်က ပို့လိုက်ရင် ပိုမြန်သွားတာပေါ့။ အဲလိုပဲ သွားပါတယ်။ ရှင်းရှင်းပြောရရင် တစ်မြို့နယ်မှ အဆင်မပြေဘူး။ ကျနော်တို့ဘက်မှာတော့ စစ်တွေကပို့တဲ့ဟာဆို ဘူးသီးတောင်၊ မောင်တော ရှိမယ်နော်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားရှိမယ်။ တောင်ပိုင်းပေါ့ အဲဒီမြို့ကို ပို့ရတဲ့အခါမှာ တော်တော်လေးကို ခက်ခဲတယ်။ အပေါ်က တစ်မျိုး၊ အောက်က ငယ်သားတွေက လမ်းကြောင်းက ဖွင့်တယ်လို့ပြောတယ် ဒါပေမယ့် အောက်မှာက တစ်မျိုး ဖြစ်နေတယ်။ အောက်မှာဖြစ်နေတာက တစ်ခုပေါ့။ အပေါ်ကတော့ ခွင့်ပြုထားတယ် ဒါပေမယ့် ဂိတ်မှာကျတော့ ခွင့်မပြုပြန်ဘူး။ အကုန် စာရွက်စာတမ်း ပြန်တောင်း တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်က ဆေးဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်

စစ်တွေမြို့မှတဆင့် တခြားသော မြို့နယ်များသို့ ဆေးဝါးဖြန့်ချီရာတွင် အခက်အခဲ ရှိနေသည့်အတွက် ဆေးကုန် သည်များသည် စစ်တွေမှတဆင့် ပို့ဆောင်ခြင်း မလုပ်ဘဲ ရန်ကုန်မှတဆင့် မြောက်ဦး၊ ကျောက်ဖြူ စသည့် မြို့နယ် များသို့ တိုက်ရိုက် ပို့ဆောင်ခြင်းများကို လုပ်ဆောင်နေရသည်ဟု သိသည်။

ဆေးဝါးဖြန့်ချိ ရာတွင် ယခုကဲ့သို့ အခက်အခဲ ရှိနေသည့်အတွက် ဆေးဖြန့်ချီသည့် ကုမ္ပဏီများနှင့် ဆေးဝါးမှီခို အသုံးပြုနေကြသူများတွင် အခက်အခဲများ ရှိသည်ဟု သိရသည်။

လက်ရှိတွင် မြို့နယ်တစ်ခုမှ တစ်ခုသို့ ပို့ဆောင်ရာတွင် ဈေးကြီးပေးပြီး မှောင်ခိုသဘောဖြင့် ပို့ဆောင်နေရသည့် အတွက် တချို့သော ဆေးဈေးနှုန်းများသည် ကျဆင်းမှု မရှိကြောင်း၊ ဆက်လက်၍ ဆေးဝါးဖြန့်ချိ ရာတွင် အခက် အခဲ ရှိနေမည်ဆိုပါက ဆေးဝါးပြတ်လပ်မှု ဖြစ်လာနိုင်သည်ဟု စစ်တွေမှ ဆေးဝါးဖြန့်ချိ နေသူက ဆက်ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ)တို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက တကျော့ပြန် တိုက်ပွဲပြင်းထန် နေချိန်တွင် ရခိုင်ပြည်နယ်အတွင်း ကုန်လမ်းနှင့် ရေလမ်းတချို့ကို ပိတ်ပင်ခဲ့သည်။ ထိုသို့ ပိတ်ပင်ခြင်းကြောင့် ဆေးဝါးဖြန့်ချိ ခွင့်များလည်း ပိတ်ခံခဲ့ရသည်။

အပစ်အခတ် ရပ်စဲပြီးနောက် ဆေးဝါးများကို ပြန်လည် တင်သွင်းခွင့် ပြုသော်လည်း လက်ရှိတွင် ရန်ကုန်မှတဆင့် စစ်တွေသို့ ဆေးဝါးတင်သွင်းရာ၌ နယ်/လုံ၏ ခွင့်ပြုချက်လိုအပ်ခဲ့သည်။ နယ်/လုံ၏ ခွင့်ပြုချက်သည် အချိန်ကြန့် ကြာမှုများ ရှိနေသေးသည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်က ဆေးဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်

၎င်းက “လောလောဆယ်ကတော့ ကျနော်တို့ ဒီဘက်ကို စစ်တွေထိကတော့ နယ်/လုံပါမစ်နဲ့ သွားနေပြီပေါ့လေ။ ဒါပေမယ့် တစ်ခုရှိတာက ကျနော်တို့ နယ်လုံရဲ့ ပါမစ်ဆိုတာက ကျနော်တို့ ခွင့်ပြုချက် တင်လို့ရှိရင် ပေးတဲ့ ကျတယ်ဆိုလို့ရှိရင် အရင်တုန်းကတော့ လုံးဝ ပိတ်ထားတဲ့အတွက် ပစ္စည်းပြတ်လပ်မှုတွေတော့ တော်တော်လေး ကြုံတွေ့ရတာပေါ့လေ။ ဒါပေမယ့် အခုကတော့ ရတော့ ရနေပါပြီ။ ရနေပြီဆိုတဲ့အတွက် ဈေးနှုန်းကတော့ ပြန်ပြီး တော့ နည်းနည်းလေး တည်ငြိမ်လာတဲ့ အနေအထားတော့ ရှိတယ်။ ဒါပေမယ့် ပစ္စည်းတွေကတော့ ဘယ်လိုဖြစ်လဲ ဆိုတော့ ကုန်သည်တွေကတော့ နည်းနည်းလေး ပြောရင်တော့ ချက်ချင်း မရဘူးပေါ့။ အရင်လိုတော့ သိပ်မမြန် သေးဘူး။ ကျနော် ကုန်သည်တွေကို မေးကြည့်လိုက်တော့ သူတို့တင်ပြတဲ့ဟာတွေက တအားကြီးတော့ မြန်တာ တော့ မဟုတ်သေးဘူး။ အရင်တုန်းက ကျနော်တို့ တင်လိုက်လို့ရှိရင် ၁ ရက်နဲ့ကျတယ်။ ၂ ရက်နဲ့ကျတယ်။ တစ်ခါတလေကျရင် နေ့ချင်းတောင် ကျတာရှိတယ်။ လက်ရှိ အခြေအနေကတော့ နည်းနည်းလေး စောင့်ရတဲ့ အနေအထားတွေ ရှိတယ်လို့ ကျနော့်ကို ပြောကြတယ်” ဟု ပြောသည်။

ရန်ကုန်မှတဆင့် ဆေးဝါးတင်သွင်းရာတွင် ကုန်လမ်းကြောင်းဖြင့် တင်သွင်းပါက စစ်ဆေးရေးဂိတ်များစွာကို ဖြတ်သန်းရသည့်အတွက် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် ကုန်သည်များက လေကြောင်း လမ်းဖြင့် သယ်ယူမှုများ လုပ်ဆောင်ခြင်းများလည်း ရှိသည်ဟု ဆေးကုန်သည်များက ပြောသည်။