CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ထိုင်းသို့ သွားရောက်မည့် မြန်မာများအနေဖြင့် ကိုဗစ် ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်တွင် QR code မပါပါက ထိုင်းဘက်မှ ပေးမဝင်ကြောင်း မြဝတီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအား ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ် မတ်လမှ စတင်ကာ ပိတ်ထား ခြင်းဖြစ်ပြီး ၃ နှစ်နီးပါးအကြာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “QR code နဲ့ ကာကွယ်ဆေးထိုး လက်မှတ်ပေါ့ အဲဒီဟာထွက်ရင်တော့ ထိုင်းဘက်ကလည်း စစ်တာဖြစ်တဲ့အတွက် သွားလို့ရပါတယ်။ ဒီဘက်က ခွင့်ပြုလိုက်ရင် QR code ထွက်တဲ့ ထောက်ခံစာမပါဘူးဆို ထိုင်းဘက်ကလည်း ခွင့်မပြုဘူးနော်။ အဲဒါတံတား ၁ ရဲ့ ထိပ် ဟိုဘက်မှာ သူတို့က ပိတ်ထားတာပေါ့နော်။ ထိုင်းရဲက သူကစစ်တယ် စစ်တဲ့အချိန်မှာ ပြန်လာရမယ့် အနေ အထားမျိုးရှိမှာပေါ့။ ဒီဘက်က လွှတ်လိုက်တယ်ဆိုရင်တောင် အဓိကက နှစ်ကြိမ်၊ သုံးကြိမ်ဆိုတာထက် ကာကွယ် ဆေးထိုး QR code နဲ့ ပါတဲ့ဟာက ပိုအဆင်ပြေတယ်။ ပထမပိုင်းက QR code မပါလည်း ထိုင်းဘက်က ပေးသွား တဲ့ အနေအထားပေါ့။ နောက်ပိုင်းကျ ထိုင်းဘက်ကလည်း QR code စစ်လာတယ်လို့ပြောလို့။ QR code မရှိရင် ထိုင်းဘက်ကကို စစ်တာဖြစ်နေတာ။ ကျနော်တို့ကလွှတ်လိုက်တယ်ဆိုရင် ထိုင်းဘက်ကစစ်ရင် QR code မပါရင် လက်မခံဘူး။ သွားတဲ့လူတွေက ကျနော်တို့ကို ပြန်ပြန်ပြောတော့ပေါ့နော်။ အဲဒီမှာ ကာကွယ်ဆေးထိုး အထောက် အထား အဓိကစစ်တာကတော့ ကျန်းမာရေး ဝန်ထမ်းတွေပေါ့နော်။ ကာကွယ်ဆေးထိုးလက်မှတ် စစ်ပြီးတော့ တုံကင်ပေးတယ်၊ တုံကင်ပေးပြီးမှ လ.ဝ.က ဆီက သွားပြီးတော့ နေ့ချင်းပြန် ဒါမှမဟုတ် စာအုပ် အဲဒါနဲ့ သွားကြ တယ်။ QR code ထွက်ထားတဲ့ ထောက်ခံစာ ပါရင်တော့ ဘာ အခက်အခဲမှ မရှိပါဘူး။ အဓိကကတော့ အဲဒါတော့ စီစဉ်ပေးရမှာပေါ့” ဟု ပြောသည်။

ထိုင်းဘက်သို့ ထိုတံတားမှ ဖြတ်သန်းသွားလာမည့်သူများအနေဖြင့် မှတ်ပုံတင်၊ QR code ပါသည့် ကိုဗစ် ကာကွယ်ဆေး ထိုးနှံထားပြီးကြောင်းလက်မှတ်နှင့် ၆ညအိပ် ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် TBP(Temporary Border Pass)၊ ၁၃ ည အိပ် ၁၄ ရက်သက်တမ်းရှိ Border Pass တို့ဖြင့် သွားရောက် နိုင်ကြောင်းသိရသည်။

ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတား စဖွင့်ချိန်တွင် ကိုဗစ်ကာကွယ်‌ဆေး ၂ ကြိမ် ထိုးနှံပြီးသူ များအား သွားရောက်ခွင့်ပြုသော်လည်း ယခုနောက်ပိုင်းတွင် ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံပြီးသူများကိုသာ သွားရောက်ခွင့်ပြုတော့ကြောင်း သိရသည်။

ကာကွယ်ဆေး ၃ ကြိမ်အပြည့် မထိုးနှံရသေးသူများအား မြဝတီ အမှတ်(၁) တံတား ဝင်ပေါက်တွင် ထိုးနှံပေးသည့် အပြင် မြဝတီမြို့ ရပ်ကွက်ရုံးများတွင်လည်း လက်ခံထိုးနှံပေးနေကြောင်း သိရသည်။

ထိုင်းဘက်မှ မြန်မာဘက်သို့ ဝင်ရောက်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက်လည်း ကိုဗစ် ကာကွယ် ဆေးထိုးနှံပြီးကြောင်းကိစ္စမှာ အခက်အခဲများရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာနိုင်ငံထဲကို ပြန်ဖို့ပေါ့ ထိုင်းကနေ မြန်မာကို ပြန်မယ့်အချိန်မှာ မဲဆောက် ဘက်ကအခြမ်းက ကျန်းမာရေးအာမခံစာရွက်တွေ စစ်တာပေါ့။ ကိုဗစ်ကာကွယ်ဆေးစစ်တယ်။ အဲဒါမရှိရင် နည်းနည်းလေး အခက်အခဲတွေရှိတယ်ပေါ့။ ပြန်ထွက်ဖို့ခွင့်မပေးတာတွေ ဘာတွေဆိုတော့။ ဆေးသွားထိုးရန် အတွက်လည်း အခက်အခဲကရှိသွားပြန်ရော။ မြန်မာတော်တော်များများက ထိုင်းနိုင်ငံထဲမှာ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ကတော့ လူတိုင်းထိုးပြီးပြီ။ အချို့တွေဆိုရင်တော့ ၃ ကြိမ် ထိုးပြီးသွားပြီပေါ့။ ဆေးထိုးထားတဲ့လက်မှတ် မပြနိုင်ရင်လည်း အဲဒီမှာ ပြဿနာက ရှိပြန်‌ရော။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တစ်စုံတစ်ရာ ငွေကြေးနဲ့ ပတ်သက်ပြီးတော့ ထပ်ပြီးတော့ ကုန်လာမယ့် လမ်းပေါက်တွေ ဖြစ်လာနိုင်တာပေါ့။ နောက်တစ်ခုက ငွေကြေး တတ်နိုင်တဲ့သူတွေဆိုရင် ပြဿနာမရှိပေမယ့် သေရေး ရှင်ရေး အတွက် မိဘ၊ ညီအစ်ကို၊ မောင်နှမ အခြားခြား သော အကြောင်းအရာတွေကြောင့် အရေးပေါ် ပြန်ရမယ့်သူတွေအတွက်ဆိုရင် ပိုပြီးတော့မှ အခက်အခဲရှိတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံသို့ သွားရောက်ကြသည့် မြန်မာများ တစ်ရက်လျှင် လူဦးရေ ၁၅၀ မှ ၂၀၀ ကြားရှိကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံဘက်အခြမ်းသို့ ထိုင်းနိုင်ငံသားများ ဝင်ရောက်မှုများလည်းရှိပြီး အများစုသည် နေ့ချင်းပြန် ဝင်ရောက်ကြခြင်းဖြစ်ကြောင်းနှင့် တစ်ရက်လျှင် လူဦးရေ ၁၀၀ နီးပါးခန့်ရှိကြောင်း လ.ဝ.က စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရသည့် ထိုင်း-မြန်မာ နယ်စပ်တစ်ခုဖြစ်သော တာချီလိတ်-မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေး တံတားအား ပြန်လည်ဖွင့်လှစ်ခဲ့သည်။